ကျောက်ပန်းတောင်း၊ ဒီဇင်ဘာ ၃၁
မန္တလေးတိုင်ဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင်စိုက်ပျိုးသည့် သီးနှံများအနက် ပဲစင်းငုံသီးနှံများကို ဒီဇင်ဘာလလယ်ခန့်မှ စတင်ခုတ်သိမ်းလျှက်ရှိပြီး ယခုနှစ်တွင် သီးနှံအထွက်ကောင်းသည့်အပြင် ဈေးကောင်းရရှိသဖြင့် တောင်သူများအဆင်ပြေကြကြောင်း ပဲစင်းငုံစိုက် တောင်သူတစ်ဦးထံမှ သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ပဲစင်းငုံသီးနှံကို ပြည်ပပို့ကုန်သီးနှံအဖြစ် ဈေးကွက်ရရှိမှုအပေါ်မူတည်၍ အားထားစိုက်ပျိုးကြပြီး နှစ်စဉ် ဧပြီလလယ်(တန်ခူးလဆန်း)တွင် နှမ်း၊ မြေပဲတို့နှင့်အတူ ရောနှော၍ သီးညှပ် စိုက်ပျိုးကြသည်။
အချို့တောင်သူများမှာ ပဲစင်းငုံသီးနှံတစ်မျိုးတည်းကိုပင် သီးခြားစိုက်ပျိုးကြပြီး ပဲစင်းငုံသီးနှံများ စတင်စိုက်ပျိုးချိန်တွင် မျိုးဈေးမှာ တစ်တင်းလျှင် (၄)သောင်းကျပ်ပေး၍ ဝယ်ယူစိုက်ပျိုးရကြောင်း၊ စိုက်ပျိုးပြီးကာလများတွင်လည်း ပိုးသတ်ဆေးပက်ဖျန်းပေးခြင်းများကို အချိန်အခါအလိုက် ဆောင်ရွက်ပေးရ ကြောင်း သိရသည်။
ပဲစင်းငုံသီးနှံကို ဒီဇင်ဘာလလယ်(နတ်တော်လပြည့်ကျော်ခန့်တွင်) စတင်ခုတ်သိမ်းကြပြီး ခုတ်သိမ်းချိန်တွင် ပဲစင်းငုံခုတ်ခြင်း/ ပုတ်ခြင်းလုပ်ငန်းများအတွက် လူငှားဖြင့်ဆောင်ရွက်ကြရသည်။ လူငှားခမှာ လူတစ်ယောက် တစ်နေကုန် (၂၀၀၀)ကျပ်ဖြစ်သည်။ ခုတ်သိမ်းပြီးရရှိသည့် ဘေးထွက်ပစ္စည်းဖြစ်သော အရွက်/အမှော်များကို နွားစာကျွေးခြင်းနှင့် ပဲစင်းငုံအရိုးကို ထင်းလောင်စာအဖြစ် သုံးစွဲခြင်းများရှိကြောင်း တွင်းဖြူကျေးရွာမှ တောင်သူ ဦးအေးမောင်က ပြောသည်။
ယခင်နှစ်များက တစ်ဧကလျှင် ပဲစင်းငုံအထွက်မှာ (၂)တင်းခွဲ၊ (၃)တင်းသာရရှိကြရာမှ ယခုနှစ် ပဲစင်းငုံအထွက်မှာ တစ်ဧကလျှင် (၅)တင်း၊ (၆)တင်းခန့်ရရှိကြောင်း၊ အထွက်နှုန်းကောင်းမွန်သည့်အပြင် ရောင်းဈေးမှာလည်း ပေါ်ဦးပေါ်ဖျားတွင် တစ်တင်းဈေး (၃၂၅၀၀)ကျပ်ဈေးသာ ရရှိခဲ့ရာမှ ယခုလက်ရှိတွင် တစ်တင်း (၃၆၀၀၀)ကျပ်ဈေးအထိ ရရှိနေပြီဖြစ်ရာ သီးနှံအထွက်ကောင်းသလို ဈေးကောင်းရရှိကြသဖြင့် ယခုနှစ် ပဲစင်းငုံစိုက်တောင်သူများ အဆင်ပြေကြကြောင်း သိရသည်။
ကိုနေ(ကျောက်ပန်းတောင်း)