ကျောက်ပန်းတောင်း ၈ စက်တင်ဘာ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ရွှေပါရမီ ပဲနို့အာဟာရတိုက်ကျွေးခြင်း စီမံချက်(၂)လပြည့် အထိမ်းအမှတ်အဖြစ်၊ မြန်မာ့ရိုးရာ မုန့်ပွဲတော်ကို ယနေ့ နံနက် ၈ နာရီခွဲက မြို့ရှေ့အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

11

 

မြန်မာ့ရိုးရာမုန့်ပွဲတော် အခမ်းအနားကို ရွှေပါရမီ ပဲနို့အာဟာရတိုက်ကျွေးရေး မြို့နယ်အမှုဆောင်အဖွဲ့ နာယကဆရာတော် ဘဒ္ဒန္တ ယုဇန၊ ရွှေပါရမီ ပဲနို့အာဟာရဖောင်ဒေးရှင်း ဉက္ကဋ္ဌ ဦးရှိန်ဝင်း၊ မြို့နယ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးအေးခိုင်နှင့် မြို့နယ်ပညာရေးမှူး (တာဝန်ခံ) ဦးရဲမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ရွှေပါရမီ ပဲနို့အာဟာရဖောင်ဒေးရှင်း ဉက္ကဋ္ဌ ဦးရှိန်ဝင်းက မုန့်ပွဲတော်ကျင်းပပြုလုပ်ပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ယာယီမဏ္ဍပ်အတွင်း ခင်းကျင်းပြသထားသည့် မြန်မာ့ရိုးရာမုန့်များကို ကျောင်းသားကျောင်းသူ (၆၀)ဦးတို့က လေ့လာမြည်းစမ်း ကြည့်ကြကာ မိမိတို့ အကြိုက်ဆုံးမုန့်များကို မဲစာရွက်တွင် ရေးမှတ်၍ အမျိုးအစားစုံလင်စွာ လေ့လာစားသုံးပြီး မဲပုံးအတွင်း မဲပြားကိုထည့်စေခြင်းဖြင့် ပထမ၊ ဒုတိယ၊ တတိယဆုများကို ရွေးချယ်ပေးကြသည်။

ထို့နောက် ကျောင်းသားကျောင်းသူ(၆၀)ဦးက မဲပေးရွေးချယ်မှုပြီးဆုံးပြီးနောက် ကျောင်းသားမိဘများ၊ တက်ရောက်လာသည့် ဧည့်သည်တော်များက မိမိတို့နှစ်သက်ရာ မြန်မာ့ရိုးရာမုန့်များကို ရွေးချယ်ကာ အခမဲ့စားသောက်နိုင်ကြောင်း သိရသည်။ 

ယင်းနောက် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ ပထမဆုကို မုန့်လင်းမယားမုန့်ကလည်းကောင်း၊ ဒုတိယဆုကို အတာတို့ဟူးသုပ်ကလည်းကောင်း၊ တတိယဆုကို မုန့်ပျားသလက်မုန့်ကလည်းကောင်း အသီးသီးဆွတ်ခူးရရှိခဲ့ကြပြီး ဆုငွေများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းကိုကို၊ မြို့နယ်ပညာရေးမှူး(တာဝန်ခံ) ဦးရဲမြင်နှင့် ဖောင်ဒေးရှင်းတာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်း အစီအစဉ်ကို  အင်ကြင်းခန်းမတွင် ဆက်လက်ကျင်းပရာ ရွှေနဒီကျောင်းဆရာတော် ဘဒ္ဒန္တယုဇနက အ.မ.ကကျောင်းများတွင် မြို့နယ်လုံးကျွတ် ပဲနို့အာဟာရတိုက်ကျွေး သွားနိုင်ရေးနှင့် ယခုကဲ့သို့ တိမ်မြုပ်ပျောက်ကွယ်လုဖြစ်နေသည့် အာဟာရပြည့်ဝသော မြန်မာရိုးရာ မုန့်ပွဲတော်ကို ဖြစ်မြောက်အောင် ဆောင်ရွက်ပေးကြသည့် ရွှေပါရမီ ပဲနို့အာဟာရဖောင်ဒေးရှင်း နာယကဆရာတော် အရှင်ဆန္ဒာဓိကနှင့် အဖွဲ့ဝင်များအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် ဖောင်ဒေးရှင်းဉက္ကဋ္ဌ ဦးရှိန်ဝင်းက တစ်မြို့နယ်လုံးရှိ ကျောင်းသားကျောင်းသူ ကလေးငယ်များအား ပဲနို့အာဟာရတိုက်ကျွေးသွားနိုင်ရေး ဆောင်ရွက်နေသည့် အစီအမံများနှင့် မြန်မာ့ရိုးရာမုန့်ပွဲတော် ကျင်းပပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အဆိုပါမြန်မာ့ရိုးရာမုန့်ပွဲတော်တွင် ကျောက်ပန်းတောင်းမြို့ပေါ် ရပ်ကွက်အသီးသီးမှ မြန်မာ့ရိုးရာမုန့်လုပ်ငန်း ရောင်းဝယ်သူများ၊ လူမှုရေးပရဟိတအသင်းများက မြန်မာ့ရိုးရာမုန့်အမျိုးပေါင်း(၂၀)ကို လာရောက်ပြုလုပ်ရောင်းချခဲ့ကြပြီး ၎င်းတို့အနက် ဆုရရှိကြသူများကို ပထမဆု ကျပ် ၁၅၀ဝ၀ဝ၊ ဒုတိယဆု ကျပ် ၁၀ဝ၀ဝ၀ နှင့် တတိယဆုကျပ် ၈၀ဝ၀ဝ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း၊ ကျန်ပြိုင်ပွဲဝင်များကို မေတ္တာလက်ဆောင်များနှင့် ပုဂံဟိုတယ်မှ ဦးမျိုးမင်းဦးတို့က ဆုငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)