ကျောက်ပန်းတောင်း ဇူလိုင် ၉
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် လဲဂွကျေးရွာနှင့် ညောင်ဖြူပင်ကျေးရွာမှ တောင်သူများသည် ထိုင်ဝမ်ခဝဲသီးနှံစမ်းသပ်စိုက်ပျိုးခဲ့ရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ဈေးကွက်တွင် ရောင်းအားကောင်းလျက်ရှိကြောင်း တောင်သူ ဦးတင်ထွန်းအောင်ထံမှ သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် လက်ပံအိုင့်၊ လဲဂွ၊ ကုန်းတဲ၊ ညောင်ဖြူပင်၊ မုန့်ကုန်း၊ ညောင်ချိုင်း၊ စည်ပင်စာ၊ ဆပ်ပြာကျင်း၊ ကင်မွန်းခြုံ စသည့်ကျေးရွာများသည် ထိုင်ဝမ်ပိန္နဲ၊ မာလကာသီး၊ အိန္ဒိယဒန့်သလွန်၊ ဆလပ်ရွက်အမျိုးမျိုး၊ ကညွတ်ဖူး၊ ဖရဲအမျိုးမျိုး၊ ကြက်တူရွေးပဲသီး၊ ပေါက်ပန်းဖြူ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုပ်၊ ဗူး၊ ဖရုံ၊ ကြက်ဟင်းခါးသီး စသည့် သီးနှံအမျိုးမျိုးကို စိုက်ပျိုးရောင်းချကြသည့် ကျေးရွာများဖြစ်ကြပြီး ယခုအခါ ခဝဲသီးနှံ ဈေးကွက်ကောင်းမွန်ခြင်းကြောင်း ဝင်ငွေပိုမိုရရှိကာ ထွက်ခြေကိုက်လျက်ရှိကြောင်း မုန့်ကုန်းကျေးရွာမှ ခဝဲစိုက်ပျိုးတောင်သ ဦးနန်းတင် က ပြောသည်။
ခဝဲသီးနှံစိုက်ပျိုးရာတွင် မျှားနီတံဆိပ် ခဝဲမျိုးဝယ်ယူစိုက်ပျိုးကြပြီး မျိုးစေ့တစ်အိတ် အစေ့ ရှစ်စေ့သာ ပါဝင်ကြောင်း၊ တစ်ထုတ် ငါးရာကျပ်ပေးဝယ်ရပြီး ရေသွန်းမြောင်းစနစ်ဖြင့် အစေ့တိုက်ရိုက်ထည့်စိုက်ပျိုးရပြီး ရေမြောင်းစနစ်ဖြင့် မြေအောက်ရေသွင်းစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးပြီးတစ်အကြာတွင် အပွင့်ပွင့်ကာ အသီးသီးပြီး အပင်တက်ရန်အတွက် စင်လုပ်ပေးရကြောင်း သိရသည်။
မျှားနီတံဆိပ် ခဝဲမျိုးသည် အရွက်ထွက်သည့် အပင်အဆစ်(ဆင့်)တိုင်း အသီးသီးပြီး ပေါ်ဦးပေါ်ဖျားကာလတွင် ခဝဲသီးတစ်တောင့် ၂၅၀ ကျပ် ရောင်းချရပြီး ခဝဲသီးလှိုင်လှိုင်ပေါ်ချိန်တွင် တစ်ထောင့် ၁၅၀ ကျပ် ရောင်းချရကြောင်း ခဝဲစိုက်တောင်သူ ဦးတင်ထွန်အောင်ထံမှ သိရသည်။
မောင်မောင်ထိန်၊ကျောက်ပန်းတောင်း


