ကျောက်ပန်းတောင်း  ၈   နိုဝင်ဘာ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးကို ရပ်ကွက်/ကျေးရွာအသီးသီးရှိ မဲရုံအလိုက် နံနက်(၆)နာရီမှ စတင်ဖွင့်လှစ် ဆန္ဒမဲပေးစေလျက်ရှိရာ၊ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်အေးချမ်းစွာ ဆန္ဒမဲပေးလျက်ရှိနေကြကြောင်း သိရသည်။

 

ကျောက်ပန်းတောင်းမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအသီးသီးတွင် မဲရုံပေါင်း (၃၇၉)ရုံဖွင့်လှစ် ထားရှိပြီး၊ မဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း (၂၃၇၃၀၃)ဦးတို့က မိမိတို့နှစ်သက်ရာ ပါတီကိုယ်စားလှယ်ကို ဆန္ဒပြုရွေးချယ်ကြမည်ဖြစ်ရာ၊ မဲရုံတိုင်းတွင် ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားရှိ၍၊ မဲရုံအဝင်ဝတွင် နှာခေါင်းစည်း (Mask) အသစ်လဲလှယ်စေခြင်း၊ အပူချိန်တိုင်းတာခြင်းနှင့် လက်သန့်ဆေးရည်ဖြင့်  လက်ဆေးစေခြင်းများကို  မဲရုံတာဝန်ကျသူများက  စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ကျောက်ပန်းတောင်းမြို့ပေါ်တွင် (၁၂)ရပ်ကွက် ရှိသည့်အနက် စံပြရပ်ကွက် မဲရုံ အမှတ် (၄)တွင် မဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း(၁၃၀၄)ဦးရှိပြီး၊ နံနက် (၆)နာရီမှ စတင်၍ နံနက်(၉)နာရီအထိ ဆန္ဒမဲပေးသူ စုစုပေါင်း (၅၀၀)ဦးခန့် လာရောက်ဆန္ဒမဲ ပေးခဲ့ကြပြီး ဖြစ်ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)