ကျောက်ပန်းတောင်း    ၉   မတ်

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနများ စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် မီးဘေးလုံခြုံရေးဆိုင်ရာများကို၊ မတ်လ(၉)ရက်နေ့ မွန်းလွဲ(၁)နာရီက မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌနှင့် တာဝန်ရှိသူများ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ကျောက်ပန်းတောင်းမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်သည် မြို့နယ်ပညာ ရေးမှူးဒေါ်တင်တင်အေးနှင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဝင်များဖြစ်ကြသော မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်လျှပ်စစ်မန်နေဂျာနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှူးတို့ လိုက်ပါလျှက် မြို့နယ်အတွင်း ၂၀၂၀-ပြည့်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပပြုလုပ်မည့် စာစစ်ဌာနများကို သွားရောက်စစ်ဆေးခဲ့သည်။

 

ရှေးဦးစွာ မြို့မကွက်သစ် မူလတန်းလွန်ကျောင်း စာစစ်ဌာနသို့ရောက်ရှိခဲ့ကြပြီး သက်ဆိုင်ရာ ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လုံခြုံရေးတာဝန်ကျဌာနဆိုင် ရာတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လုပ်ငန်းလိုအပ်ချက်အခက်အခဲများ၊ ဖြေဆိုမည့် ကျောင်းသားအရေအတွက်နှင့် ဖြေဆိုရန်ပြင် ဆင်ထားသည့် အခန်းများ၊ စာရေးခုံများ ပြည့်စုံလုံလောက်မှုရှိ/မရှိနှင့် မီးဘေးလုံခြုံရေးဆိုင်ရာများကို မေးမြန်းဆွေးနွေးကြသည်။

 

၃တတန၃

 

ယင်းနောက် သက်ဆိုင်ရာကြီးကြပ်ရေးမှူးများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး၊ စာဖြေခန်းများ ပြင်ဆင်ထားရှိမှု အခြေအနေနှင့် တစ်ခန်းချင်း ဝင်ဆံ့မှုအခြေအနေများကို လှည့်လည်ကြည့်ရှုကြသည်။ ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များသည် မြို့နယ်ပညာရေးမှူးနှင့်အတူ လက်ပံပင်အထက်တန်းကျောင်း(ခွဲ)၊ အနော်ရထာ အထက်တန်းကျောင်း(ခွဲ)၊ ပုပ္ပားအ.ထ.ကနှင့် ကမ်းဖြူအ.ထ.က များသို့ သွားရောက်စစ်ဆေးခဲ့ကြပြီး၊ လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ စာစစ်ဌာနများလှည့်လည်စစ်ဆေးရာသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်နှင့်အတူ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ထွန်း၊ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးစိုးမြင့်၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးဇော်ဌေး နှင့် မြို့နယ်ပညာရေးမှူး ဒေါ်တင်တင်အေး တို့ လိုက်ပါခဲ့ကြပြီး၊ မတ်လ(၁၀)ရက်၊ (၁၁)ရက်နေ့များတွင်လည်း ကျန်စာစစ်ဌာနများကို ထပ်မံစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

နေအောင်(ပြန်/ဆက်)