ကျောက်ပန်းတောင်း မတ် ၆
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၌ မြို့နယ်မီးဘေးလုံခြုံရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဈေးများ၌ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို မတ် ၅ ရက်က ဈေးကွက်သစ်ရပ်ကွက်ရှိ မြို့မစည်ပင်သာယာဈေးကြီးနှင့် တမ္ပဝတီရပ်ကွက်ရှိ ဈေးသစ်ကြီးတို့တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးဘေးလုံခြုံရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသန်းလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းမြင့်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးထွန်းထွန်းလတ်နှင့် ဈေးတာဝန်ခံများ၊ မြို့နယ်လျှပ်စစ်မှ တာဝန်ရှိသူများနှင့်အတူ မြို့မစည်ပင်သာယာဈေးကြီးနှင့် တမ္ပဝတီဈေးသစ်တို့တွင် မီးဘေးလုံခြုံရေးဖြစ်သည့် မီးသတ်ရေကန်နှင့် ရေစင်များ၊ အရေးပေါ် ရေထုတ်ပိုက်များနှင့် ရေစက်များ အဆင့်သင့်ဆောင်ရွက်ထား ရှိမှုများနှင့် ဈေးအတွင်း မီးသတ်ကားအလွယ်တကူ ဝင်/ထွက်သွားလာနိုင်စေရန် ဆောင်ရွက်ထားရှိမှုများကို စစ်ဆေးကြသည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းမြင့်နှင့် တပ်ဖွဲ့ဝင်များက ဈေးသူ/ဈေးသားများအား တွေ့ဆုံ၍ ပူပြင်း ခြောက်သွေ့သည့်ကာလသို့ ရောက်ရှိလာပြီဖြစ်၍ မီးလောင်လွယ်တတ်သည့် အမှိုက်သရိုက်များ ရှင်းလင်းထားရှိ ရေးနှင့် ကုန်စည်များ မီးဘေးအန္တရာယ်ကင်းစေရန် စနစ်တကျ သိုလှောင်ထားရှိရေးတို့ကို အသိပညာပေး ဟောပြောသည်။
ယင်းနောက် မီးသတ်ဆေးဘူး ကိုင်တွယ်အသုံးပြုနည်းနှင့် မီးငြှိမ်းသတ်နည်းများကို ရှင်းလင်းပြသ၍ ဈေးကော်မတီ တာဝန်ရှိသူများ၊ ဈေးသူ/ဈေးသားများနှင့်အတူ အရေးပေါ် မီးငြှိမ်းသတ်နည်းများကို လက်တွေ့ပူးပေါင်း ဆောင်ရွက်ခဲ့ကြပြီး ပြည်သူများပူးပေါင်းပါဝင်သည့် မီးသတ်ကားအသုံးပြု မီးငြှိမ်းသတ်နည်းများကို ဇာတ်တိုက် လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)


