ကျောက်ပန်းတောင်း ၂၇ ဧပြီ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဧပြီ (၂၆) ရက်က မိုးသက်လေပြင်း ကျရောက်မှုကြောင့် ကျောက်ပန်းတောင်း - ပုပ္ပားလမ်း အထွက်တွင် သစ်ပင်ပြိုလဲ၍ ဓာတ်အားကြိုးပေါ်ပိမိပြီး လျှပ်စစ်ဓာတ်အားတိုင် (၁၆) တိုင် နှင့် ထရန်စဖော်မာ တစ်လုံးလဲပြိုမှုဖြစ်ပေါ်ခဲ့သည်။ အဆိုပါ ပြိုလဲပျက်စီးမှုများကို ညောင်ဦးခရိုင် လျှပ်စစ်မန်နေဂျာ ဦးစီး၍ အချိန်နှင့်တစ်ပြေးညီ ပြုပြင်ခဲ့ရာ ဧပြီ ၂၇ ရက် ယနေ့ ညနေ ၆ နာရီ ၁၀ မိနစ်တွင် လျှပ်စစ်ဓာတ်အား ပြန်လည်ပို့လွှတ်နိုင်ခဲ့ကြောင်း သိရသည်။
ပြုပြင်မှုလုပ်ငန်းကို ညောင်ဦးခရိုင်လျှပ်စစ်မန်နေဂျာ ဦးကျော်မျိုးအောင်နှင့် ဒုတိယခရိုင်မန်နေဂျာ ဦးသန်းဇော်မျိုး တို့မှ အနီးကပ်ကြီးကြပ်ပြီး၊ ကျောက်ပန်းတောင်းမြို့နယ် လျှပ်စစ်မန်နေဂျာ ဦးစိုးမြင့်နှင့် ဒုတိယမန်နေဂျာ ဦးကျော်မိုး တို့ဦးဆောင်၍ ညောင်ဦးခရိုင်နှင့် ကျောက်ပန်းတောင်းမြို့နယ်မှ ဝန်ထမ်းစုစုပေါင်း (၃၅) ဦးဖြင့် အပျက်အစီးများ ဖယ်ရှားခြင်း၊ တိုင်အသစ် စိုက်ထူခြင်းနှင့် လျှပ်စစ်ဓာတ်အားလိုင်း ပြန်လည်သွယ်တန်းခြင်း၊ လဲပြိုခဲ့သည့် ထရန်စဖော်မာပြန်လည် တပ်ဆင်ခြင်းများကို စတင်ဖြစ်ပွားချိန်မှစ၍ ဧပြီ (၂၇) ရက်အထိ ပြုပြင်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
ပြုပြင်မှု လုပ်ငန်းများကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်တုတ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်၊ ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦစိုးမင်းအောင်နှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရပြီး၊ ညနေ ၆ နာရီ ၁၀ မိနစ်တွင် ပြည်သူများအား လျှပ်စစ်ဓာတ်အား ပြန်လည်ပို့လွှတ်နိုင်ခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)


