ညောင်ဦး၊ ၇ ဒီဇင်ဘာ
မန္တလေးတိုင်ဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၌ သဘာဝအ ခြေခံခရီးသွားလုပ်ငန်း ဖော်ဆောင်မြှင့်တင်နိုင်ရေးတွက် ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ညောင်ဦးခရိုင် DMO အတွင်းရေးမှူး ဦးဝင်းအောင် ဒုတိယညွှန်ကြားရေးမှူး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် တာဝန်ရှိသူများက နေရာသစ် နှစ်နေရာအား ဒေသခံများနှင့်အတူ ဒီဇင်ဘာ ၅ ရက်နှင့် ၆ ရက်တို့တွင် ခရီးစဉ်ဒေသအသစ် ရှာဖွေခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ နေရာသစ်နှစ်ခုမှာ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့မှ မိတ္ထီလာဘက် အတွက် ၇ မိုင်ခန့်အကွာခန့် ကြက်မောက်တောင်ဆည်အနီးမှ မြောက်ဘက် ၂ မိုင် ၃ ဖာလုံခန့်ရှိ လဲဂွရွာနှင့် လက်ပံအိုင့်ကျေးရွာ မြောက်ဘက် နှစ်မိုင်ခန့်အကွာရှိ မြောက်ကျောက်အိုးနှင့် ဂဲမိုးအိုင်နေရာများသို့ လဲဂွရွာ၊ လက်ပံအိုင့်ရွာ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဒေသခံများက လိုက်လံပြသခဲ့ရာ ခရီးစဉ် ဒေသဆိုင်ရာ ကော်မတီ အတွင်းရေးမှူး ဦးဝင်းအောင်နှင့်အဖွဲ့သည် မှတ်တမ်းယူခြင်း၊ ဂဲမိုးအိုင် ပတ်ဝန်းကျင်ရှိ လက်ငါးချောင်းအိုင်၊ ဂဲတစ်လုံးစို့နေရာများ၊ ဗျောဗျောကျအိုင်၊ စကောဝိုင်းအိုင်နေရာ၊ ကျောက်သားလျှိုမြောင်တစ်လျှောက် ကြည့့်ရှုကြပြီး မြောက်ကျောက်အိုး ပတ်ဝန်းကျင်နေရာ နှစ်နေရာဖြစ်ကြောင်းသိရသည်။ မြောက်ကျောက်အိုးသည် ဒေသခံများအခေါ် ကြီးမားသည့် ကျောက်ဖြာကြီးများပေါ် ရေစီးဆင်းခဲ့ရာမှ ရေလှောင်ကန်ဖြစ်ပေါ်နေခြင်းကြောင့် ကျောက်အိုးဟု ခေါ်တွင်ကြောင်း၊ ဂဲမိုးအိုင်ဟု ဒေသခံများ ခေါ်တွင်ရခြင်းမှာ ရေအိုင်ကြီးပေါ်ကြီးမားသည့် (ကျောက်တုံးအမိုး) ဂဲကြီးမိုးနေသည့်အတွက် ဂဲမိုးအိုင်ဟု ခေါ်တွင်ကြောင်း၊ ဂဲတစ်လုံ့စို့အိုင်သည် လျှိုမြောင်ကျောက်ရိုး တစ်ဖက်တစ်ချက်တွင် ကြီးမားသည့် ကျောက်တုံးကြီး တည်ရှိနေခြင်းကြောင့် ဂဲတစ်လုံးစို့အိုင်ဟု ခေါ်တွင်ခဲ့ကြောင်း၊ စကောဝိုင်းအိုင်သည် ယခင်က ရေစီးကြောင်းတည့်တည့်တွင် ဝိုင်းစက်စက်ဖြစ်နေသည့်အတွက် စကောဝိုင်းအိုင်ဟု ခေါ်တွင်ကြောင်း သိရသည်။ ကျောက်ပန်းတောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာလအလွန် ရပ်ရွာအခြေပြု သဘာဝအခြေခံခရီးသွားလုပ်ငန်း ဖော်ဆောင်နိုင်ရန်နှင့် ခရီးစဉ်ဒေသအသစ်များ ရှာဖွေပြီး ရပ်ရွာဒေသ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကာ ခရီးစဉ်ဒေသအသစ်များ ရှာဖွေ၍ ပြည်တွင်း၊ ပြည်ပခရီးသွားများ သဘာဝတောတောင်ရေမြေကို ထိတွေ့ခံစားနိုင်ဖို့ ခရီးစဉ်ဒေသ အသစ်များ ရှာဖွေနေရခြင်းဖြစ်ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် လဲဂွကျေးရွာနှင့် လက်ပံအိုင့်ကျေးရွာ ပတ်ဝန်းကျင်၏ တောင်ဘက် ၂ မိုင်ခန့်အကွာတွင် မဟာဗောဓိ ငါးထောင် (မတ်တစ်ထောင်တောင်တန်း)နှင့် ကြက်မောက်တောင်ဆည် အနောက်ဘက် တစ်မိုင်ခန့်အကွာ ငွေတွင်းတောင်တောင်တန်းတွင် ဘုရားလေးဆူ၊ မြောက်ဘက် နှစ်ဖာလုံအကွာတွင် နှစ်ပေါင်း ၉၀ ကျော်ခန့်ရှိ မပုတ်မသိုးရုပ်ကလာပ်တော် ဦးစန္ဓမထေရ် (ရဟန္တာပုဂ္ဂိုလ်) တို့ကို လေ့လာဖူးမြော်နိုင်ပြီး လဲဂွရွာတွင် ရွှေနတ်တောင်ကုန်းပေါ် ရွှေနတ်တောင် စေတီတို့ ဖူးမြော်နိုင်ကြောင်း သိရသည်။
မောင်မောင်ထိန်(ကျောက်ပန်းတောင်း)


