နည်းနည်းပါးပါးထိခိုက်တာလောက်က ကိစ္စမရှိပေမယ့် အရိုးကျိုးပြီဆိုရင်တော့ ဒဏ်ရာကို ကာကွယ်ဖို့ ကျောက်ပတ်တီးစည်းရနိုင်ပါတယ်။ ဒါပေမယ့် ရိုးရိုး ပလာစတာ၊ ပတ်တီးတွေလို ချက်ချင်းအသစ်လဲလို့မရ၊ ချွတ်လို့မရဘဲ အချိန်ကြာကြာပတ်စည်းထားရမယ့်အရာမို့ ပိုဂရုစိုက်ရပါတယ်။

 

ကျောက်ပတ်တီးဆိုတာ ထိခိုက်ထားတဲ့ ခြေထောက် သို့မဟုတ် လက်ကို မလှုပ်ရှားဖြစ်အောင် အထိန်းအနေနဲ့ ကျပ်စည်းရတာဖြစ်ပါတယ်။ Plaster casts နဲ့ Fiberglass casts ဆိုပြီး ကျောက်ပတ်တီးနှစ်မျိုးရှိပါတယ်။ Plaster casts တွေက Fiberglass casts တွေနဲ့ ယှဉ်ရင် ဈေးပိုသက်သာပေမယ့် Fiberglass casts က ပိုပေါ့ပါးပြီး တာရှည်ပိုခံတယ်။ ဓာတ်မှန်ရိုက်မယ် ဆိုလည်း ဖောက်ထွင်းမြင်ရတာပိုကောင်းတယ်။

 

ကျောက်ပတ်တီးစည်းပြီးရင် ဘာတွေဂရုစိုက်ရမလဲ

 

(၁) ကျောက်ပတ်တီးပေါ်မှာ မဖိမိအောင်၊ မလေးလံစေအောင် သတိထားပါ။

 

(၂) ခြောက်သွေ့သန့်ရှင်းအောင်ထားပါ။ ကျောက်ပတ်တီးကို ရေစိုလို့မရပါဘူး။ ဒါပေမယ့် ရေချိုးတဲ့အခါကျ ပလတ်စတစ်နဲ့သေချာဖုံးအုပ်စည်းနှောင်တာ ဒါမှမဟုတ် ဒဏ်ရာရှိတဲ့ခြေ/လက်ကို ခပ်မြင့်မြင့်တစ်နေရာမှာလှမ်းတင်ထားတာမျိုး ကြိုးစားကြည့်ပါ။

 

(၃) ကျောက်ပတ်တီးအောက်က အရေပြားမှာ ယားယံတာတတွေ ဖြစ်လာနိုင်ပါတယ်။ အယားပြေအောင် တစ်ခုခုနဲ့အလွယ်ထိုးကုတ်တာမျိုး(ဥပမာ ချွန်ထက်တဲ့အရာတစ်ခုခု) မလုပ်ပါနဲ့။ မနေနိုင်အောင် ဖြစ်လာရင် ဆရာဝန်ကိုတိုင်ပင်ပြီး အကြံဉာဏ်တောင်းပါ။

 

(၄) ပတ်တီးစည်းထားတဲ့ ခြေ သို့မဟုတ် လက်ရဲ့ ခြေချောင်း၊လက်ချောင်းတွေကို လှုပ်ရှားစေတဲ့ လေ့ကျင့်ခန်းတွေလုပ်ပေးပါ။ သွေးလည်ပတ်မှုကောင်းစေဖို့ ဒါလည်း အရေးကြီး ပါတယ်။

 

(၅) ရောင်ရမ်းနေတယ်ဆို ကျောက်ပတ်တီးအပေါ်ကနေ ၁၅ မိနစ်၊ မိနစ် ၂၀ လောက် ရေခဲကပ်လို့ရပါတယ်။ ပတ်တီးကိုမစိုအောင်တော့ ရေခဲကို ပလတ်စတစ်အိတ်နဲ့ထည့်ဖို့မမေ့ပါနဲ့။

 

(၆) ဒဏ်ရာကနေ အနံ့တစ်ခုခုထွက်လာရင် ဒါမှမဟုတ် ထူးခြားတဲ့လက္ခဏာတစ်ခုခုရှိလာရင် ဆေးရုံပြန်ပြပါ။ ပတ်တီးအောက်မှာ ချွေး သို့မဟုတ် စိုစွတ်မှုကြောင့် မှို သို့မဟုတ် စိုထိုင်းမှုတွေဖြစ်နေနိုင်ပါတယ်။ အရေပြားက စိုနေတာ ကြာလာရင် ပေါက်ပြဲတာ၊ ပိုးဝင်တာတွေ ဖြစ်လာနိုင်ပါတယ်။

 

(၇) ပတ်တီးရဲ့အစွန်းတွေကို ကိုယ့်သဘောနဲ့ကိုယ် ဖြတ်ထုတ်တာ၊ တိတာတွေမလုပ်ပါနဲ့။ ပုံစံပျက်ယွင်းသွားနိုင်ပါတယ်။

 

(၈) ကျောက်ပတ်တီးကို ကိုယ့်သဘောနဲ့ကိုယ် မဖြည်ပါနဲ့။ ဆရာဝန်ရက်ချိန်း သွားပြတဲ့အခါ အချိန်ရောက်မှ ဖြည်ပေးပါလိမ့်မယ်။

 

ဘယ်အချိန်မှာ ဆရာဝန်ပြန်ပြသင့်သလဲ တကယ်လို့ အနာရှိန်ကြောင့် အဖျားတက်လာရင်

 

ထိခိုက်ထားတဲ့ လက် သို့မဟုတ် ခြေထောက်က ထုံကျဉ်လာရင်၊ ပူလောင်သလို ခံစားရရင်၊ တင်းကျပ်မှုကိုခံစားရရင် ပတ်တီးအောက်မှာ အနာလေးတွေဖြစ်လာရင် နာကျင်ကိုက်ခဲမှုနဲ့ ရောင်ရမ်းမှုက ပိုဆိုးလာရင် အရေပြားက အေးစက်၊ဖျော့တော့၊ ပြာနှမ်းလာရင် ပတ်တီးအောက်မှာ အက်ကွဲတာ၊ အဖုလေးတွေရှိလာရင် ကျောက်ပတ်တီးက သေချာမခြောက်ရင်ပတ်တီးက အရမ်းတင်းကျပ်နေရင် ဒါမှမဟုတ် လျော့ရဲနေရင် ပတ်တီးစည်းထားတဲ့တဝိုက် အရေပြားမှာ နီရဲနေရင်ခြေချောင်း လက်ချောင်းတွေ လှုပ်ရှားရတာ အဆင်မပြေရင် ဆရာဝန်အမြန်ဆုံးပြန်ပြပါ။

 

 

ရေးသားသူ Yun Sandi Nan Mon ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်