ကော့ကရိတ် ၃၀ စင်တင်ဘာ
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ကရိတ်-ကြာအင်းဆိပ်ကြီးလမ်း (၆၆ KV) လျှပ်စစ်ဓာတ်အားလိုင်း ဆောင်ရွက်ရာတွင် လျှပ်စစ်ကြိုးတန်းနှင့် မလွတ်ကင်းသော နှစ်ရှည်သီးပင် စားပင်များအတွက် ဒုတိယအသုတ် လျော်ကြေးငွေပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကော့ကရိတ်မြို့နယ် ဝင်းကကျေးရွာ၊ သမိန်ဒွတ်ကျေးရွာနှင့် ထီဟူးသံကျေးရွာများတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားမှာ ကော့ကရိတ်ခရိုင် လျှပ်စစ်အင်ဂျင်နီယာမှူး ဦးတင်မျိုးသန့်မှ လျှပ်စစ်သွယ်တန်းရာတွင် လျှပ်စစ်ကြိုးနှင့် မလွတ်ကင်းသော နှစ်ရှည်သီးပင်စားပင်များအတွက် လျော်ကြေးငွေ ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး သမိန်ဒွတ်ကျေးရွာအုပ်စု၊ ဝင်းကကျေးရွာအုပ်စုနှင့် ထီဟူးသံ ကျေးရွာအုပ်စုများမှ နစ်နာသည့် တောင်သူ (၂၄၂) ဦးအတွက် လျော်ကြေးငွေ ကျပ်သိန်းပေါင်း (၃၀၇၉) သိန်းအား ကရင်ပြည်နယ် အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနဝန်ကြီး ဦးစိုးလှိုင်၊ ကရင် ပြည်နယ်အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးမင်းကိုခိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပေးအပ်ခဲ့ရာ သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက လက်ခံရယူခဲ့ကြောင်း သိရသည်။
စိုးထက်အောင်(ပြန်ဆက်)