ကော့ကရိတ် ​  ၂  အောက်တိုဘာ

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ကရိတ်-ကြာအင်းဆိပ်ကြီးလမ်း (၆၆ KV)လျှပ်စစ်ဓာတ်အား လိုင်းဆောင်ရွက်ရာတွင် လျှပ်စစ်ကြိုးတန်းနှင့် မလွတ်ကင်းသော နှစ်ရှည်သီးပင်စားပင်များအတွက် ဒုတိယအကြိမ် လျော်ကြေးငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကော့ကရိတ်မြို့နယ် လိုင်ဝကျေးရွာ၊ ​ရေ​ကျော်ကြီးကျေးရွာနှင့် လိုင်ကွယ်ကျေးရွာ၊ တံတားကျိုး​ကျေးရွာ၊ ဝိဇ္ဇာကုန်း​ကျေးရွာ၊​တောင်ကြာအင်း၊​ မြောက်ကြာအင်း​ကျေးရွာ၊ ဝင်းပုတ်​ကျေးရွာ၊​ လောင်းကိုင်​ကျေးရွာ၊ ဖားကျ​ကျေးရွာတို့ တွင် ကျင်းပပြုလုပ်ခဲ့သည်။

 

ထိုသို့​ ပေးအပ်ရာတွင် ကော့ကရိတ်ခရိုင် လျှပ်စစ်အင်ဂျင်နီယာမှူး ဦးတင်မျိုးသန့်မှ လျှပ်စစ် သွယ်တန်းရာတွင် လျှပ်စစ်ကြိုးနှင့်မလွတ်ကင်းသော နှစ်ရှည်သီးပင်စားပင်များအား လျော်ကြေးငွေ ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး လိုင်ဝ၊​​​​ ရေကျော်ကြီး၊ လိုင်ကွယ်၊ တံတားကျိုး၊ ဝိဇ္ဇာကုန်း၊​ တောင်ကြာအင်း၊​ မြောက်ကြာအင်း၊ ဝင်းပုတ်၊​ လောင်းကိုင်၊ ဖားကျကျေးရွာများမှ နစ်နာသည့်တောင်သူ(၁၂၂)ဦးအတွက် လျော်ကြေးငွေကျပ်သိန်းပေါင်း(၆၈၀)ကျော်ကို ကရင်ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနဝန်ကြီး ဦးစိုးလှိုင်၊ ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမင်းကိုခိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပေးအပ်ခဲ့ရာ သက်ဆိုင်ရာ ကျေးရွာများရှိ ထိခိုက်နစ်နာသည့် ပြည်သူများက လက်ခံရယူခဲ့ကြောင်း  သိရသည်။

ခင်မျိုးဝင်း(ပြန်/ဆက်)