ကော့ကရိတ် ဇွန် ၂၉
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် မြို့အင်္ဂါရပ်နှင့်အညီ စိမ်းလန်းစိုပြေသာယာစေရေး၊ မိုးရာသီတွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစွာ ပညာသင်ကြားနိုင်ရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့် ခြင်အန္တရာယ် ကင်းရှင်းနိုင်စေရန်အတွက် အပတ်စဉ် စနေနေ့တိုင်း သန့်ရှင်းရေးဆောင်ရွက်လျက်ရှိရာ ဇွန် ၂၉ ရက် နံနက်ပိုင်းတွင် ကော့ကရိတ်မြို့၊ အမှတ်(၃)ရပ်ကွက်ရှိ အ.မ.က(၁)ကျောင်း၌ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်များစုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာ၌ စစ်ဗျူဟာမှူး၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုစစ်ဆေးပြီး ကျောင်းသန့်ရှင်းရေးအတွက် ခြင်ခိုအောင်းနိုင်သည့်နေရာများ၌ အမှိုက်သရိုက်များ၊ ချုံနွယ်များ၊ မြက်များ၊ သစ်ပင်သစ်ကိုင်းကြီးများ ခုတ်ထွင်ရှင်းလင်းပြီး အမှိုက်သိမ်းယာဉ်ဖြင့် စနစ်တကျ စွန့်ပစ်ခဲ့ကြကာ ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့သည်။ အလားတူ အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်ကျောင်းများတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်


