ကော့ကရိတ်  ၂၃  ဧပြီ  

 

ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် ပြည်သူများ စားသောက်ကုတ်ပစ္စည်းများ အခက်အခဲမရှိ အဆင်ပြေစွာ ဝယ်ယူစားသုံးနိုင်စေရန်နှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အထောက်အကူပြုစေရန် ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက မြို့ဈေးရှိ ဈေးသူဈေးသားများကို ကော့ကရိတ်မြို့ ကရင်နှစ်သစ်ကူး ကွင်းတွင် ယာယီပျံကျဈေး ဖွင့်လှစ်ရောင်းချစေခဲ့ကြောင်း သိရသည်။

 

ယာယီပျံကျဈေးအတွင်း ဈေးရောင်းချသည့် ဈေးသည်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ နှာခေါင်းစည်းနှင့် လက်အိတ်များ စနစ်တကျ တပ်ဆင်ပြီးမှ ရောင်းချခွင့်ပြုကြောင်းနှင့် ဈေးဝယ်လာသည့်ပြည်သူများကိုလည်း နှာခေါင်းစည်း တပ်ဆင်ပြီးမှသာ ဈေးဝယ်ယူခွင့်ပြုကြောင်း သိရသည်။

 

အဆိုပါ စည်ကမ်းများအား လိုက်နာဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ် တပ်ဖွဲ့များနှင့် မြို့နယ်စည်ပင်သာယာရေးမှ ဝန်ထမ်းများက စနစ်တကျ စောင့်ကြပ်ကြည့်ရှု၍ ပညာပေး ဆောင်ရွက်လျက်ရှိပြီး ကရင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဘီစံသိန်းမြင့်၊ ကော့ကရိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းနုနှင့် ဌာနဆိုင်ရာများမှ နှာခေါင်းစည်း မရှိသူများအား နှာခေါင်းစည်းအခု(၁၀ဝ၀)အား လိုက်လံဝေငှ ပေးခဲ့သည်။

 

လက်ရှိတွင် ဈေးသူဈေးသားများ အဆင်ပြေစွာ ရောင်းချနိုင်ရေးအတွက် ဆိုင်ခန်းပေါင်း (၄၀ဝ) ကျော်အား မဲနှိုက်စနစ်ဖြင့် (၆)ပေ အကွာနေရာသတ်မှတ်ထားကြောင်း ဈေးသည်များအနေဖြင့် မိမိတို့ ရောင်းချသည့် စားသောက်ကုန်ပစ္စည်းများ နှင့်စပ်လျဉ်းပြီး နေ့စဉ်ဈေးသိမ်းချိန်တွင် စနစ်တကျ သန့်ရှင်းရေး ဆောင်ရွက်သွားရန်နှင့် စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံစေရေးအတွက် ရောင်းချသည့် စားသောက်ကုန် ပစ္စည်းများအား စနစ်တကျဖုံးအုပ်ပြီး ရောင်းချသွားရန် ကြေညာထားပြီး လိုက်နာမှုမရှိပါက တည်ဆဲဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ကော့ကရိတ်မြို့နယ် စည်ပင်သာယာရေး အမှုဆောင် အရာရှိ ဦးရဲလင်းဦးထံမှ သိရသည်။

 

စိုးထက်အောင်(ပြန်/ဆက်)