ကော့ကရိတ် ၆ ဇန်နဝါရီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ အမှတ်(၁)ရပ်ကွက်၊ အထက-ချောင်းတောင်အနီးရှိ ဖိ့ဗီးယော်ကွင်း အတွင်းတွင် (၈၁) ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးအခမ်းအနားကို ယနေ့နံနက်ပိုင်းက စည်ကားစွာ ကျင်းပခဲ့သည်။
ရှေးဦးစွာ သဘာပတိနှင့်အဖွဲ့ဝင်များ စင်မြင့်ထက်တွင်နေရာယူပြီး ကရင်အမျိုးသားသီးချင်း (အောခုအောခေါ်) ဖြင့် ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ သဘာပတိ စောရွှေကြည်က ကရင်အမျိုးသားနေ့ဖြစ်ပေါ်လာပုံအား ရှင်းလင်းပြောကြားပြီးနောက် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံမှပေးပို့သည့် နှစ်သစ်ကူးသဝဏ်လွှာအား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် စောဘီစံသိန်းမြင့် ကလည်းကောင်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ထံမှ ပေးပို့သော သဝဏ်လွှာကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဝင်းကလည်းကောင်း၊ ကရင်အမျိုးသား အစည်းအရုံးဥက္ကဌ စောမူတူးဆေးဖိုး ပေးပို့သော သဝဏ်လွှာအား စောအဲ့ကောမှလည်းကောင်း ဖတ်ကြား ခဲ့ပါသည်။ထို့နောက် ပိုးကရင်ဘာသာစကား၊ စကောကရင်ဘာသာစကားများဖြင့် တာဝန်ရှိသူများက အသီးသီးနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီးနောက် သဘာပတိမှ နိဂုံးချုပ်အမှာစကားပြောကြားပြီး ကရင် အမျိုးသားသီချင်းဖြင့် အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
ဆက်လက်၍ ကောက်သစ်စားပွဲပြုလုပ်ရာ ကရင်ဘိုးဘွားများမှ စပါးလိပ်ပြာခေါ်ယူခြင်း၊ ကရင်ဒုံးယိမ်း အကများဖြင့် ကောက်သစ်စားပွဲကို ဆင်နွဲခဲ့ပါသည်။ အခမ်းအနားတွင် လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ကရင်တိုင်းရင်းသား၊ တိုင်းရင်းသူများ စုံညီစွာ တက်ရောက်ကြပြီး အခမ်းအနားအပြီးတွင် တာဝန်ရှိသူများနှင့် ပြည်သူလူထုများက နှစ်သစ်ကူးပွဲ ဆင်နွှဲရာကွင်းအတွင်းမှ ပအို့တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုပြခန်း၊ ငြိမ်းချမ်းရေးပြခန်းများကို ဝင်ရောက်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ခင်မျိုးဝင်း ( ခရိုင် ပြန်/ဆက်)
