ကော့ကရိတ် ၁၂ ဧပြီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် အရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန် ရုံးပိတ်ရက်ရှည်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်ကထောက်ပံ့သော စားသောက်ကုန်(၅)မျိုးကို ဧပြီ ၁၀ ရက်နေ့မှစတင်၍ အဆိုပါအိမ်ထောင်စုများထံသို့ ကရင်ပြည်နယ် လွှတ်တော်ဒုဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်း၊ အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးစောဘီစံသိန်းမြင့် ကော့ကရိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းနု၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သွားရောက်၍ ထောက်ပံ့ပေးဝေလျက်ရှိကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ပေးဝေရာတွင် သက်ဆိုင်ရာတာဝန်ရှိအဖွဲ့များသည် ဧပြီ ၁၀ ရက်နေ့တွင် ကော့ကရိတ်မြို့ပေါ်ရှိ အမှတ်(၁)ရပ်ကွက် အိမ်ထောင်စု(၁၂၁)စု၊ ဧပြီ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့များတွင် အမှတ်(၂)ရပ်ကွက်ရှိ အိမ်ထောင်စု(၃၀၇)စု မိသားစုဝင်များအတွက် အိမ်ထောင်စု တစ်စုလျှင် ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ပဲ(၁)ပိဿာ၊ ကြက်သွန်(၁)ပိဿာ နှုန်းဖြင့် အိမ်တိုင်ရာရောက် မော်တော်ယာဉ်များဖြင့် လိုက်လံထောက်ပံပေးအပ်ခဲ့ပြီး ကျန်ရှိနေသည့် ပြည်သူများကိုလည်း ဆက်လက်ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)


