ကော့ကရိတ် ၁၀ ဩဂုတ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုနှင့် ချောင်းရေများလျှံခြင်း ဖြစ်ပေါ်၍ အချို့အနိမ့်ပိုင်းတွင် ရေများဝင်ရောက်ခဲ့၍ ပြောင်းရွေ့ရသော ရေဘေးသင့်အိမ်ထောင်စုများကို ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ယနေ့မွန်းလွဲ ၁ နာရီအချိန်တွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်သော ခရိုင်/မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင်များနှင့်အတူ ရေဘေးသင့်အိမ်ထောင်စုများထံသို့ သွားရောက်၍ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။
ထိုသို့ထောက်ပံ့ငွေပေးအပ်ရာတွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိသည့် ဒေါဖျာကျေးရွာဘုန်းတော်ကြီးကျောင်း၊ ကော့ပေါက်ကျေးရွာဘုရားကြီးကုန်း၊ ကော့ခွိုင်ကျေးရွာဘုန်းတော်ကြီး ကျောင်း၊ ကျုံဒိုးမြို့ရှိ ဓမ္မသုခဘုန်းတော်ကြီးကျောင်း၊ ကုန်သွယ်လယ်ယာဂိုဒေါင်နှင့် အမက(၆)ကျောင်းရှိ အိမ်ထောင်စု (၁၇၆)စု လူဦးရေ(၈၅၄)ဦး၊ နီးစပ်ရာဆွေမျိုးနေအိမ်သို့ ပြောင်းရွေ့နေထိုင်သည့်ကျေးရွာ(၈)ရွာ ကျုံဒိုးမြို့အမှတ်(၃)၊ အမှတ်(၄)ရပ်ကွက်နှင့် ကော့ကရိတ်မြို့အမှတ်(၁)၊ အမှတ်(၆)ရပ်ကွက်များရှိ အိမ်ထောင်စု (၁၃၂)စု၊ လူဦးရေ(၆၃၆)ဦး၊ စုစုပေါင်း အိမ်ထောင်စု(၃၀၈)စု လူဦးရေ(၁၄၉၀)ဦးတို့အား ဆန်ရိက္ခာ(၇)ရက်စာအတွက် ငွေကျပ်(၃၁၂၉၀ဝ၀)တို့ကို ခရိုင်/မြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များသည် မြို့ပေါ် ကျေးရွာရေဘေးသင့်ပြည်သူများထံသို့ သွားရောက်၍ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခင်မျိုးဝင်း (ခရိုင် ပြန်/ဆက်)


