ကော့ကရိတ်     နိုဝင်ဘာ           ၃၀

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ကြက်ခြေနီ တပ်ဖွဲ့ဝင်များအနေဖြင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက်   ရည်ရွယ်၍  မြန်မာနိုင်ငံကြက်ခြေနီ အသင်းဗဟိုမှ ကြီးမှူးကျင်းပသည့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အမှတ် (၆)ရပ်ကွက်၊ မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် မြို့နယ်ကြီးကြပ်မှုကော်မတီဥက္ကဌ(ကိုယ်စား) အဖွဲ့ဝင် ဒေါ်ခင်ကြူအေးက အဖွင့်အမှာ စကား ပြောကြားပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း (ဧရာဝတီတိုင်းဒေသကြီး) ဒုတိယတပ်ဖွဲ့မှူး ဦးမောင် မောင်မြင့်မှ သင်တန်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

 

အဆိုပါ သင်တန်းသို့ ကော့ကရိတ်မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၊ ကျုံဒိုးမြို့ကြက်ခြေနီအသင်းခွဲရုံးနှင့် မြပတိုင်ကျေးရွာကြက်ခြေနီအသင်းခွဲရုံးမှ တပ်ဖွဲ့ဝင် (၃၀)တို့အား မြန်မာနိုင်ငံကြက်ခြေနီအသင်း (ဧရာဝတီတိုင်းဒေသကြီး ၊ ဘိုကလေးမြို့နယ်ကြက်ခြေနီအသင်းခွဲရုံး)မှ တပ်ဖွဲ့မှူး ဦးသက်နိုင်က ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံနှင့် ပတ်သက်သည်များကို စာတွေ့လက်တွေ့ သင်ကြားပို့ချလျက် ရှိပြီး သင်တန်းကာလမှာ နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ (၂)ရက် သင်ကြားမည်ဖြစ်ကြောင်း သိရသည်။

 

စောအောင်မျိုးလွင် (ပြန်/ဆက်)