ကော့ကရိတ် ၃၁ မေ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ လူစည်ကားရာ လမ်းဆုံများတွင် ကိုဗစ် ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြုနိုင်ရေးအတွက် ပြည်သူများ နေအိမ်ပြင်ပထွက်လျှင် နှာခေါင်းစည်းတပ်ဆင်၍ သွားလာခြင်းမရှိသူများကို ယမန်နေ့ နံနက်ပိုင်းက အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကော့ကရိတ်မြို့ရဲစခန်းထောင့် မီးပွိုင့်၊ ဇိနသုခဘုရားရှေ့၊ တောင်ပေါ် ကျောင်းရှေ့ နေရာ(၃)နေရာတို့တွင် မြို့နယ် ကိုဗစ် ၁၉ ရောဂါကာကွယ် ထိန်းချုပ်စောင့်ကြည့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် နှာခေါင်းစည်းတပ်ဆင်ခြင်း မရှိဘဲ အပြင်ထွက်သွားလာသည့် ပြည်သူများကို ဒဏ်ငွေ(၅၀ဝ၀\)ကျပ် ပေးဆောင်၍ နှာခေါင်းစည်း (၂)ခု ပြန်လည်ပေးဝေခြင်း ပညာပေးအရေးယူခြင်း ဆောင်ရွက်ခဲ့သည်။
အဆိုပါ ပညာပေး အရေးယူ ဆောင်ရွက်ရာတွင် မေ ၃၀ ရက်နေ့ တွင် (၁၀၂)ဦး၊ မေလ ၃၁ ရက်နေ့တွင် (၃၅)ဦးရှိပြီး ပညာပေး အရေးယူခြင်း အစီစဉ်ကို (၂)ရက် စစ်ဆေး (၂)ရက် နားဖြင့် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)


