ကော့ကရိတ် ဇူလိုင် ၂
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ မိုးဦးကာလအတွင်း ဖြစ်ပွားလေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် အဘိတ်ဆေးခတ်ခြင်းနှင့် အသိပညာ ပေးခြင်းကို ယနေ့ နံနက် ၈နာရီအချိန်က ကော့ကရိတ်မြို့ အမှတ် (၁) ရပ်ကွက်ရှိ အခြေခံပညာကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကော့ကရိတ်ခရိုင်ကျန်းမာရေးဦးဌာနမှ ကြီးကြပ်(၁) ဦးစောကပေါ်စေးနှင့် ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး ယာယီတပ်ခွဲမှူး ဦးအောင်နိုင်ထွန်းနှင့် အဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်း အဖွဲ့တို့ ကော့ကရိတ်မြို့၊ အမှတ် (၁) ရပ်ကွက် အထက (ချောင်းတောင်)၊ အမက (၁၂) နှင့် အမက (၁၃)ကျောင်းများရှိ ရေစည်များ၊ ရေအိုးများနှင့် ကားတာယာကွင်းများတွင် ခြင်ပေါက်ပွားမှုမရှိစေရန် ဖုံး၊ သွန်၊ လဲ၊ စစ်ဆေးခြင်းနှင့် ရေစည်များတွင် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် အသိပညာပေးဟောပြောပွဲတွင် ခရိုင်ကျန်းမာရေးဦးဌာနမှ ကြီးကြပ် (၁)နှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး မှ အဖွဲ့ဝင်တို့က ကျောင်းသား / သူများအား သွေးလွန်တုပ်ကွေးရောဂါ၊ ကိုဗစ်- ၁၉ရောဂါကြိုတင်ကာကွယ်ရေးနှင့် မိုင်းအန္တရာယ်အကြောင်း သိကောင်းစရာများကို ဟောပြောခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်ဆက်


