ကော့ကရိတ် နိုဝင်ဘာ ၃
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ခုဘဏ္ဍာ ရေးနှစ်၊ (၆)လ ဘတ်ဂျက်တွင် ပြည်နယ်အစိုးရရန်ပုံငွေဖြင့်လည်းကောင်း၊ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ ဖြင့်လည်းကောင်း အကောင်အထည်ဖော်ဆောင်ရွက်ရန်လျာထားသည့် ရေပူကြီးကျေးရွာအုပ်စု၊ကော့ဝါလဲကျေးရွာ၌ ကုန်ထုတ် လမ်း၊ တံတားလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ရေး နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကော့ကရိတ်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးနိုင်ဝင်းနှင့် မြို့နယ်တာဝန်ရှိသူများက ရေပူကြီးကျေးရွာအုပ်စု၊ ကော့ဝါလဲကျေးရွာ ကုန်ထုတ်လမ်းပေါ်ရှိ တံတားနှင့်ရေပြွန်များ တည်ဆောက်မည့်နေရာများအား ကြည့်ရှု့တိုင်းတာစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြား ပါသည်။
အဆိုပါ ကော့ဝါလဲကျေးရွာ ကုန်ထုတ်လမ်းသည် အကျိုးပြုစိုက်ပျိုးဧက ၉၄၇ ဧကကျော်ရှိပြီး၊ ၂၀၂၁-၂၀၂၂ခု ၆လ ဘတ်ဂျက် တွင် ပြည်နယ်အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေ ၆၃ ဒသမ ၄၆ ကျပ်သန်းဖြင့် RC တံတား အလျား ၃၀ ပေ၊ အကျယ် ၁၄ ပေ၊ အမြင့် ၁၀ ပေတံတား(၁)စင်းတည်ဆောက်ခြင်း၊ Box culvert (၃)စင်း တည်ဆောက်ခြင်း၊ pipe culvert (၃)စင်း တည်ဆောက်ခြင်း တို့ကိုလည်းကောင်း၊ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေ ၂၀၀ ဒသမ ၃၅ ကျပ်သန်းဖြင့် လမ်းအရှည် ၂ မိုင်၊ ပေ ၃၀ RC တံတား(၁)စင်းတည်ဆောက်ခြင်း၊ Box culvert (၁)စင်းတည်ဆောက်ခြင်း၊ pipe culvert (၃)စင်း တည်ဆောက်ခြင်း တို့ကို လျာထားဆောင်ရွက်လျက်ရှိပါကြောင်း ကော့ကရိတ်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးနိုင်ဝင်းကပြောပြသည်။
စိုးမိုးကျော်


