ကော့ကရိတ်၊ ၃ ဖေဖော်ဝါရီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကော့ကရိတ်မြို့နယ်အတွင်းရှိ ကော့ခိုက် ကျေးရွာနှင့် ကမ္မရာကျေးရွာများ၌ ကျေးရွာစာသင်ကျောင်းဆောင်သစ် တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။
ကျောင်းဆောင်သစ် တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းများကို လူထုဗဟိုပြုစီမံကိန်း ရန်ပုံငွေ ကျပ် ၅၃၇ သိန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး အတိုင်းအတာအားဖြင့် ကော့ခိုက်ကျေးရွာတွင် (အလျား ပေ ၄၀ x အနံ ပေ ၃၀ x အမြင့် ၁၂ ပေ) နှင့် ကမ္မကျေးရွာတွင် (အလျား ပေ ၆၀ x အနံ ပေ ၃၀ x အမြင့် ၁၂ ပေ)ဖြင့် ဆောင်ရွက်လျက်ရှိပြီး လက်ရှိအခြေအနေတွင် ၆၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။
တိုးချဲ့ကျောင်းဆောင်ဆောက်လုပ်ခြင်းကို လူထုဗဟိုပြုစီမံကိန်းမှ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်နည်းပညာ အကြံပေးအဖွဲ့တို့၏ စနစ်တကျ လမ်းညွှန်မှု၊ ရပ်ရွာပြည်သူလူထုတို့၏ ပူးပေါင်းပါဝင်မှုများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီး ရာနှုန်းပြည့်ပြီးစီးပါက ကျောင်းနေအရွယ်ကလေး ၄၁၀ ကောင်းမွန်စွာ ပညာသင်ကြားနိုင်မည်ဖြစ်ကြောင်း သိရသည်။
ခင်မျိုးဝင်း(ပြန်/ဆက်)


