ကော့ကရိတ်၊ ၃ ဖေဖော်ဝါရီ
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် လုပ်ငန်းများကိုအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကော့ကရိတ်မြို့နယ်အတွင်းရှိ ကော့ခိုက်ကျေးရွာနှင့် ကမ္မရာကျေးရွာများ၌ ကျေးရွာစာသင်ကျောင်းဆောင်သစ် တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျောင်းဆောင်သစ်တိုးချဲ့ တည်ဆောက်ခြင်း လုပ်ငန်းများကို လူထုဗဟိုပြုစီမံကိန်းရန်ပုံငွေကျပ် ၅၃၇ သိန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး အတိုင်းအတာအားဖြင့် ကော့ခိုက်ကျေးရွာတွင် (အလျား ပေ ၄၀ x အနံ ပေ ၃၀ x အမြင့် ၁၂ ပေ) နှင့် ကမ္မကျေးရွာတွင် (အလျား ပေ ၆၀ x အနံ ပေ ၃၀ x အမြင့် ၁၂ ပေ) ဖြင့် ဆောင်ရွက်လျက်ရှိပြီး လက်ရှိအခြေအနေတွင် ၆၀ ရာခိုင်နှုန်းခန့် ဆောင်ရွက် ပြီးစီးပြီဖြစ်သည်။
အဆိုပါ တိုးချဲ့ကျောင်းဆောင် ဆောက်လုပ်ခြင်းကို လူထုဗဟိုပြုစီမံကိန်းမှ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်နည်းပညာအကြံပေးအဖွဲ့တို့၏ စနစ်တကျ လမ်းညွှန်မှု၊ ရပ်ရွာပြည်သူလူထုတို့၏ ပူးပေါင်းပါဝင်မှုများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ပြီး ၁၀၀ ရာခိုင်နှုန်းပြီးစီးပါက ကျောင်းနေအရွယ် ကလေးသူငယ်များ စုစုပေါင်း (၄၁၀)အတွက် စာသင်ကြားရာတွင် လုံလောက်သောစာသင်ခန်းများဖြင့် ကောင်းမွန်စွာပညာသင်ကြားနိုင်မည် ဖြစ်ကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)


