နေပြည်တော် ဧပြီ ၄
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် တောနော်ရေတံခွန်၏ အရှေ့မြောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာနေရာ၌ ကုန်တင်ယာဉ်များအား မီးရှို့ထားကြောင်းနှင့် ယာဉ်များ ပိတ်ဆို့နေကြောင်း သတင်းအရ နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၉ နာရီခန့်တွင် သွားရောက်၍ လုံခြုံရေးလုပ်ငန်းများနှင့် ဆက်သွယ်ရေး လမ်းကြောင်းများ ပုံမှန်သွားလာနိုင်ရေး ဆောင်ရွက်ပေးစဉ် တောနော် ရေတံခွန်၏ အရှေ့တောင်ဘက် မီတာ ၉၀၀ ခန့်အကွာနေရာမှ KKO ခွဲထွက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား ၂၀ ခန့်က လက်ဖြောင့်သေနတ်များအပါအဝင် လက်နက် ကြီး/လက်နက်ငယ်များဖြင့် ချောင်းမြောင်းနှောင့်ယှက် ပစ်ခတ်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်အဖွဲ့များသည် တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေး သွားခဲ့သည်။
ဖြစ်စဉ်နေရာတစ်ဝိုက်အား ရှာဖွေမှုများ ပြုလုပ်ရာ အဆိုပါနေရာ၌ ခြောက်ဘီးယာဉ် တစ်စီး၊ ၁၂ ဘီးယာဉ် တစ်စီး၊ ၂၂ ဘီးယာဉ် တစ်စီး၊ ခရီးသည်တင်မှန်လုံယာဉ် တစ်စီး၊ NISSAN အမျိုးအစား CARAVAN တစ်စီး စုစုပေါင်း မော်တော်ယာဉ် ငါးစီး မီးလောင် ပျက်စီးလျက်ရှိသည်ကို တွေ့ရသည်။
အဆိုပါမော်တော်ယာဉ်များ မီးလောင်ပျက်စီးမှုကြောင့် လမ်းပိတ်ဆို့နေသည့် မော်တော်ယာဉ် အစီး ၃၀ အား လုံခြုံရေးတပ်ဖွဲ့ဝင်များက တွေ့ရှိရသဖြင့် မော်တော်ယာဉ်များ ပြန်လည်သွားလာနိုင်ရေးအတွက် လိုအပ်သည့် ကူညီမှုများ ဆောင်ရွက်ပေးခဲ့သဖြင့် မွန်းလွဲ ၃ နာရီခန့်တွင် ယာဉ်ကြီး/ယာဉ်ငယ်များသည် မြဝတီမြို့သို့ စတင် ထွက်ခွာနိုင်ခဲ့ကြောင်းနှင့် အဆိုပါနေရာတစ်ဝိုက်အား လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
