ကော့ကရိတ် ဇူလိုင် ၂၅
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများအား ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ အောက်ဆီဂျင်လိုအပ်ချက်မရှိစေရေးအတွက် ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ၏ အစီအမံနှင့် လူမှုရေးအသင်းအဖွဲ့များမှ စီစဉ်လှူဒါန်းမှုဖြင့် ကော့ရိတ်မြို့နယ်အတွင်းရှိ ပြည်သူ့ဆေးရုံများသို့ အောက်ဆီဂျင် (၄၀)လီတာအိုးများ နေ့စဉ်ရောက်ရှိလျက်ရှိကြောင်း သိရသည်။
ကော့ကရိတ်ခရိုင် ပြည်သူ့ဆေးရုံနှင့် ကျုံဒိုးမြို့ ပြည်သူ့ဆေးရုံတို့ရှိ အောက်ဆီဂျင်အိုးအလွတ်များကို ဇူလိုင် ၂၂ ရက်နေ့မှစ၍ ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ၏ အစီအမံဖြင့် တာဝန်ရှိသူများက မြဝတီကုန်သွယ် ရေးဇုန်၌ သွားရောက်ထုတ်ယူပေးလျက်ရှိရာ ကော့ကရိတ်ခရိုင် ပြည်သူ့ဆေးရုံကြီးအတွက် အောက်ဆီဂျင် (၄၀)လီတာအိုး အလုံး (၂၀)နှင့် ကျုံဒိုးမြို့ ပြည်သူ့ဆေးရုံအတွက် အောက်ဆီဂျင် (၄၀)လီတာအိုး (၁၀)လုံး ရရှိခဲ့ သည်။
ဂရုဏာဖောင်ဒေးရှင်းအသင်းနှင့် ဦးအောင်ကိုဟိန်းတို့မှ အောက်ဆီဂျင်အိုးအလွတ်များကို စုစည်းပြီး ပြည်တွင်း/ပြည်ပ စေတနာ့အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် မြဝတီမြို့သို့ နေ့စဉ်သွားရောက်၍ အောက်ဆီဂျင်အရည် ဖြည့်တင်း/ဝယ်ယူပြီး ကော့ကရိတ်ခရိုင် ပြည်သူ့ဆေးရုံ၌ အောက်ဆီဂျင်ပြတ်လပ်မှု မရှိစေရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် ကော့ကရိတ်ခရိုင်အတွင်းရှိ မြို့နယ်၊ မြို့များဖြစ်သည့် (ကြာအင်းဆိပ်ကြီး၊ ကျိုက်ဒုံ၊ ဘုရားသုံးဆူ) တို့ရှိ တာဝန်ရှိသူများက အောက်ဆီဂျင်အိုးအလွတ်များကို ကော့ကရိတ်မြို့စုရပ်သို့ လာရောက်ပို့ဆောင်ပြီး ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ၏ အစီအမံဖြင့် လာရောက်သည့်ကားများဖြင့် တစ်ပါးတည်းတင်ဆောင်ပြီး မြဝတီကုန်သွယ်ရေးဇုန်တွင် သွားရောက်ထုတ်ပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
စောအောင်မျိုးလွင် /မျိုးဆက်သစ် (ဘားအံ)


