ကော့ကရိတ်   ဒီဇင်ဘာ   ၂

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၅-၂၀၁၆ခုဘဏ္ဍာရေးနှစ်မှ ၂၀၂၁-၂၀၂၂ခုဘဏ္ဍာရေးနှစ်ထိ စီမံကိန်းယူနစ်(၄၆)ယူနစ်၊ ကျေးရွာ(၄၆)ရွာတွင် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ စီမံကိန်းကျေးရွာများအနက် မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေ၊ ပြည်သူထည့်ဝင်ငွေများဖြင့် ကျေးရွာ(၉)ရွာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း (၁၀)ခုကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် လောင်း ကိုင်၊ ထီဟူးသံ၊ ရန်ကုတ်၊ အင်းကြီး၊ ဘားဘုတ်၊ ကမ္မရာ၊ မြပတိုင်နိုင်၊ နောင်ထပ္ပံ၊ ခနိုမ်းဖော်ကျေးရွာ စုစုပေါင်းကျေးရွာ (၉)ရွာတွင် လမ်းတံတားလုပ်ငန်းနှစ်ခု၊ ရေရရှိရေးလုပ်ငန်းတစ်ခု၊ မီးလင်းရေး လုပ်ငန်းတစ်ခု၊ ပညာရေးလုပ်ငန်းသုံးခု၊ ကျေးရွာဘက်စုံသုံး ခန်းမတည်ဆောက်ခြင်းလုပ်ငန်းနှစ်ခု၊ အခြားလုပ်ငန်း တစ်ခု စုစုပေါင်း ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း (၁၀)ခုအား မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေ ၅၄ ဒသမ ၇သန်း၊ ပြည်သူ ထည့်ဝင်ငွေ ၄ ဒသမ ၃ သန်းအား ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှု တို့ဖြင့် ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ကော့ကရိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဆားဒေါက်ဖော့ကပြောပြ၍ သိရသည်။

ကော့ကရိတ်မြို့နယ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၅-၂၀၁၆ခုဘဏ္ဍာရေးနှစ်မှ ၂၀၂၁-၂၀၂၂ခုဘဏ္ဍာရေးနှစ်ထိ စီမံကိန်းယူနစ်(၄၆)ယူနစ်၊ ကျေးရွာ(၄၆)ရွာတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားအသက်မွေးကျောင်း လုပ်ငန်းလုပ်ကိုင်သူအိမ်ထောင်စု ၃၁၀၈ စုအား စီမံကိန်းမတည်ရန်ပုံငွေ ၁၃၈၀ သန်းဖြင့် လည်ပတ်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ စီမံကိန်းအတိုးရငွေ ၇၇၆ ဒသမ ၃၅၆၁ သန်းတိုးပွားရရှိလာပြီဖြစ်ပါကြောင်း၊ ဆက်လက်၍ အတိုးရငွေများဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

စိုးမိုးကျော်