ကော့ကရိတ် ၁၁ ဩဂုတ်
ကရင်ပြည်နယ် လူငယ်ရေးရာကော်မတီမှ ကြီးမှူး၍ မြန်မာနိုင်ငံ လူငယ်ရေးရာမူဝါဒ မိတ်ဆက် ရှင်းလင်းခြင်းနှင့် လူငယ်တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့ မနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပ ပြုလုပ်သည်။
ရှေးဦးစွာ ခရိုင်ပြန်/ဆက်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဝင်းရှိန်က ဌာန၏လုပ်ဆောင်များ၊ Community Centre ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ အမှာစကားပြောကြားသည်။ ဆက်လက်၍ ကရင်ပြည်နယ် လူငယ်ရေးရာကော်မတီဝင် ပြည်ထောင်စုကိုယ်စားလှယ် ဦးရန်နိုင်လင်းက ကရင်ပြည်နယ် လူငယ်ရေးရာ ကော်မတီအကြောင်းကိုလည်းကောင်း၊ လူငယ်ရေးရာကော်မတီ အတွင်းရေးမှူး နန်းထက်ထက် လင်းစိုးက လူငယ်မူဝါဒ ပေါ်ပေါက်အောင် ကြိုးစားခဲ့ပုံ၊ နောက်ခံသမိုင်းကြောင်း၊ မဟာဗျူဟာစီမံချက် လုပ်ငန်းစဉ်များအကြောင်းကိုလည်းကောင်း၊ တက္ကသိုလ်အလွှာ လူငယ်ကိုယ်စားလှယ် နန်းရီရီချိုမှ လူငယ်မူဝါဒမိတ်ဆက်ရှင်းလင်းခြင်းနှင့် မူဝါဒပါအကြောင်းအရာ ပြဋ္ဌာန်းချက်များ အုပ်စုဖွဲ့ ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ တက်ရောက်လာသူများက လိုအပ်သည်များ အကြံပြုဆွေးနွေးခြင်းနှင့် မြို့နယ်အဆင့် လူငယ်ရေးရာကော်မတီဝင် လူငယ်ကိုယ်စားပြုကော်မတီဝင်များ ရွေးချယ်ခြင်းကို ကော့ကရိတ်မြို့နယ်အတွင်း အုပ်စု(၄)စုမှ တစ်စုလျှင် (၅)ဦးစီဖြင့် ရွေးချယ်ခဲ့ကြကြောင်း သိရှိရသည်။
ခင်မျိုးဝင်း (ခရိုင် ပြန်/ဆက်)


