ကော့ကရိတ်၊  ၁၀  ဇွန်

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ် မန်နေဂျာ ဦးလင်းထိုက်အောင်နှင့် ဝန်ထမ်းများက ကော့ကရိတ်မြို့နယ်အတွင်း ကျေးရွာအုပ်စုများရှိ တောင်သူလယ်သမားများအတွက် ၂၀၂၁ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မေ ၂၆ရက်မှ စတင်၍ မိုးစပါးစိုက်ပျိုးမြေ တစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀ နှုန်း၊ အခြားသီးနှံတစ်ဧကလျှင် ငွေကျပ် ၁၀၀၀၀၀ နှုန်း ဖြင့် စိုက်ပျိုးချိန်အမီ ထုတ်ချေးပေးလျက်ရှိရာ ဇွန်လ ၁၀ ရက် နံနက် ၁၀ နာရီတွင် ကျေးရွာအုပ်စု (၃)အုပ်စုမှ ယမန်နှစ်က ချေးငွေပြေကျေစွာပေးဆပ်ပြီးသူ တောင် သူဦးရေ (၁၅)ဦး၏ လယ်မြေ ဧက(၁၃၁)အတွက် ချေးငွေကျပ် (၁၉၆.၅၀)သိန်းကို ဆက်လက်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ကော့ကရိတ်မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ အဆိုပါ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေ စတင်ထုတ်ချေးချိန်မှ ယနေ့အထိ ကျေးရွာအုပ်စု (၈)အုပ်စုမှ တောင်သူဦးရေ (၉၀)၏ လယ်မြေဧက (၆၅၆)ဧက အတွက် ချေးငွေကျပ် (၉၈၄.၀၀)သိန်းကို ထုတ်ချေးထားပြီးဖြစ်ကြောင်း သိရသည်။

ယခုနှစ်တွင် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို ကော့ ကရိတ်မြို့နယ်အတွင်း ကျေးရွာအုပ်စု (၂၉)အုပ်စု၊ အဖွဲ့အစည်းတစ်ဖွဲ့မှ တောင်သူဦးရေ (၈၀၇)ဦး၏ လယ်မြေဧက (၆၀၀၈)ဧကအတွက် ချေးငွေကျပ် (၉၀၁၂.၀၀) သိန်းကို ထုတ်ချေးပေးရန် လျာထားကြောင်း ကော့ကရိတ်မြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။

အဆိုပါ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ လာရောက်ထုတ်ယူရာတွင် လူစုလူဝေးမဖြစ်စေရန် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက် များနှင့်အညီ တောင်သူများ အား အလှည့်ကျစနစ်ဖြင့် စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

စောအောင်မျိုးလွင် (ပြန် / ဆက်)

 

MDN