ကော့ကရိတ်မြို့ရှိ စက်ရုံ၊ အလုပ်ရုံအလုပ်ဌာနများသို့ ကိုဗစ်-၁၉ နှင့်ပတ်သက်၍ အသိပညာပေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

ကော့ကရိတ်   ၅  မေ

ကရင်ပြည်နယ် ကော့ကရိတ်မြို့ရှိ စက်ရုံအလုပ်ရုံ အလုပ်ဌာနများသည် ကိုဗစ်-၁၉ နှင့် ပတ်သက်၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်အပေါ် လိုက်နာဆောင်ရွက်ထားရှိမှု အခြေအနေအား သက်ဆိုင်ရာ အဖွဲ့အစည်းမှ ယမန့်နေ့ နံနက် ၉ နာရီတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ ကော့ကရိတ်မြို့တွင် စက်ရုံ၊ အလုပ်ရုံများဖြစ်သည့် စိန်နဂါးသောက်ရေသန့်၊ ပုလဲရတီသောက်ရေသန့်၊ မိုးကြယ်စင် သောက်ရေသန့်၊ ရွှေပျံလွှာမုန့်တိုက်သို့ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရွှေဝင့်ဝါမြင့်၊ မြို့နယ်ကျန်းမာရေး ဦးစီးမှူး ဦးစိန်မြင့်၊ မြို့နယ်စီမံကိန်း ဦးစီးမှူး ဒေါ်ချိုချိုမွန်၊ မြို့နယ်စည်ပင်သာယာရေး ဒုဦးစီး ဦးစောဂျော့မြက်ထူးတို့က ကိုဗစ်-၁၉ နှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စံသတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ထားရှိရေး စစ်ဆေးသည်။ ထို့နောက် လက်ဆေးကန်၊ ကိုယ်အပူချိန်တိုင်းတာ ရေးစက်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အသိပေး ပိုစတာနှင့် စနစ်တကျလက်ဆေး နည်းပိုစတာများကပ်ထားရှိရေး၊ အလုပ်သမားများအတွက် နှာခေါင်းစည်း၊ လက်အိတ်များ တပ်ဆင်ရေးနှင့် လုံလောက်စွာ ထောက်ပံ့ပေးဝေရေး၊ ခြောက်ပေအကွာ အလုပ်လုပ်ခြင်း၊ ထမင်းစားခြင်း အနားယူခြင်း ပြုလုပ်ခြင်းများကိုလည်း စစ်ဆေးခဲ့သည်။

ဆက်လက်၍ အလုပ်သမားများနေ့စဉ်ထိတွေ့ရသည့် ပစ္စည်းကိရိယာများကို ပိုးသတ်ဆေးဖျန်းရေး၊ လုပ်ငန်းခွင်ကို လေဝင်လေထွက် ကောင်းအောင် ဆောင်ရွက်ရေး၊ အလုပ်သမား၊ မိသားစုဝင်များ ကျန်းမာရေး မကောင်းပါက စက်ရုံကြီးကြပ်ရေးမှူး၊ သက်ဆိုင်ရာကျန်းမာရေးဦးစီးဌာနသို့ ဆက်သွယ်ဆောင်ရွက်ရေးစသည့် စက်ရုံအလုပ်ရုံများ လုပ်ငန်းခွင်ဆောင်ရွက်ရမည့် အချက်များကို လိုက်နာဆောင်ရွက်ထားရှိရေး အသိပညာပေး စစ်ဆေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခင်မျိုးဝင်း (ပြန်/ဆက်)