ကော့ကရိတ်မြို့တွင် ဟင်းသီးဟင်းရွက် စိုက်ပျိုးတောင်သူများကို မျိုးစေ့များထောက်ပံ့ပေးအပ်

ကော့ကရိတ် ၂၁ ဇွန်

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် Covid-19 စီးပွားရေးကုစားမှုအစီအစဉ်အရ (Korea International Cooperation Agency - KOICA) ၏ အထောက်အပံ့ဖြင့် (SAEM Strengthening Agricultural Extensionin Myanmar) စီမံကိန်း ဆောင်ရွက်လျက်ရှိသော (Kitchen Garden) ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများအား မျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ကော့ကရိတ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေထွန်းအောင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။

 

ထို့နောက် ကော့ကရိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နော်သူးလေထီးက (Kitchen Garden) ဟင်းသီးဟင်းရွက်စိုက်ပျိုးသည့် တောင်သူများအား မျိုးစေ့ထုပ်များကို (KOICA)   အထောက်အပံ့ဖြင့် (SAEM) စီမံကိန်း ဆောင်ရွက်လျက်ရှိသော ကော့ကရိတ်မြို့နယ်အတွင်းရှိ အိမ်ထောင်စု(၁၅၀ဝ)အား အိမ်ထောင်စုတစ်စုလျှင် (၁)ထုပ်နှုန်း ထောက်ပံ့ပေးခြင်းနှင့် စနစ်တကျ စိုက်ပျိုးဆောင်ရွက်ရေးကို ဆွေးနွေးပြောကြားပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးအောင်နိုင်က စိုက်ပျိုးနည်းပညာများ၊ (GAP) စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ၊ (Organic) ဓာတုကင်းလွတ် စိုက်ပျိုးနည်းပညာများ၊ လက်ရှိထောက်ပံ့ဖြန့်ဖြူးပေးသော ဟင်းသီးဟင်းရွက်များ အောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုးနိုင်ရေးတို့ကို ဆွေးနွေးပြောကြားသည်။

 

ဆက်လက်၍ တက်ရောက်လာသည့် မြို့ပေါ်ကျေးရွာမှ တောင်သူ(၆၈)ဦးအား ဟင်းသီးဟင်းရွက် မျိုးစေ့ထုပ်များကို သက်ဆိုင်ရာတာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျန်ရှိသည့် မျိုးစေ့ထုပ်များကို စိုက်ပျိုးရေးကွင်း ဝန်ထမ်းများမှ ကျေးရွာအရောက် ကွင်းဆင်း၍ ဆက်လက်ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

ခင်မျိုးဝင်း(ကော့ကရိတ်)