ကော့ကရိတ် ၃ မေ
ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် လတ်တလောဖြစ်ပွားနေသော ကိုဗစ်၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အနေဖြင့် နှာခေါင်းစည်း(mask) များအခမဲ့ဖြန့်ဝေ ပေးခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်ဆေးခြင်း၊ အသိပညာပေးခြင်းတို့ကို ကော့ကရိတ်မြို့ လူစည်ကားရာ နေရာများတွင် ယမန်နေ့ ညနေ (၃)နာရီက ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကော့ကရိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းနုမှ ဦးဆောင်၍ ကျန်းမာရေး ဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကော့ကရိတ်မြို့ လူမှုဖွံဖြိုးရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ ပုလဲဖြူ လူမှုကယ်ဆယ်ရေးအဖွဲ့တို့မှ ပူးပေါင်း၍ ကိုဗစ် ၁၉ ရောဂါကြိုတင်ကာကွယ်ရေးတွင် အထောက်အကူပြုနိုင်ရေးအတွက် မြို့တွင်းဗိုလ်ချုပ်လမ်း တစ်လျှောက်နှင့် လှိုင်ဝကားဂိတ်တို့တွင် ဖြတ်သန်းသွားလာသည့် ပြည်သူများကို ပိတ်စဖြင့် ချုပ်လုပ်ထားသည့် နှာခေါင်းစည်းများ၊ mask များ အခမဲ့ဖြန့်ဝေပေးခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊ အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
အဆိုပါ ပူးပေါင်းအဖွဲ့သည် ဖြတ်သန်းသွားလာသည့်ပြည်သူများအား နှာခေါင်းစည်း အသုံးပြုကြရန် အသိပညာပေး ပြောကြားပြီး အလှူရှင်မှ ပြန်လျှော်သုံးနိုင်သည့် ပိတ်စချုပ် နှာခေါင်းစည်းနှင့် တစ်ခါသုံး mask များ အခု(၁၀ဝ၀)ကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ထို့ပြင် ကိုဗစ် ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးခြင်းအား မြို့တွင်းသို့ အသံချဲ့စက်ဖြင့် နှိုးဆော်ကြေညာလျှက်ရှိကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)


