ကော့ကရိတ် ၂၄ ဇူလိုင်
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးဦးကာလ ရော်ဘာပင်မြေသြဇာ စနစ်တကျထည့်သွင်းခြင်း ကွင်းပြပွဲကို ယမန်နေ့ နံနက်ပိုင်းက တတန်ကူးကျေးရွာအုပ်စု တောင်သူစောနိုနို၏ ရော်ဘာခြံတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်နော်သူးလေထီးမှ ရော်ဘာပင်သည် နှစ်ရှည်သီးနှံပင်ဖြစ်၍ စနစ်တကျ ပြုစုထိန်းသိမ်းပါက ခြံပိုင်ရှင်များအတွက် ရေရှည်ဝင်ငွေရမည့် အပင်ဖြစ်ကြောင်း၊ ရော်ဘာပင်အတွက် မိုးဦးမြေသြဇာ ကျွေးခြင်းနှင့် မိုးနှောင်းမြေသြဇာကျွေးခြင်းဟူ၍ (၂)ကြိမ် ကျွေးနိုင်ကြောင်း၊ ယခုအချိန်တွင် ရော်ဘာစျေးကျနေ၍ ရော်ဘာပင်များကို မြေသြဇာ(၂)ကြိမ် မကျွေးနိုင်သော်လည်း (၁)ကြိမ်ကျွေးသင့်ကြောင်း၊ ရော်ဘာအစေးလှီး အပင်များတွင် ထည့်သွင်းရမည့် ဓာတ်မြေသြဇာအမျိုးအစား၊ မြေသြဇာထည့်သွင်းရမည့်နေရာ၊ ထည့်သွင်းရမည့် နှုန်းထားများကို ရှင်းလင်းဆွေးနွေးပြီး ရော်ဘာပင်များအား မြေသြဇာကျွေးခြင်းကို လက်တွေ့ပြသခဲ့သည်။
ကွင်းသရုပ်ပြပွဲသို့ တတန်ကူးကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တတန်ကူးကျေးရွာရှိ တောင်သူများနှင့် ပျားပင်ကျေးရွာတို့မှ တောင်သူ(၂၇)ဦး တက်ရောက်ခဲ့ပြီး စိုက်ပျိုးပညာပေးပြသမှုအား ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
စိုးထက်အောင်(ပြန်ဆက်)


