ကော့ကရိတ် ၇ အောက်တိုဘာ
ကရင်ပြည်နယ် ကော့ကရိတ်မြို့၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် ပြည်သူနှင့်ကျန်းမာရေး ပြည်သူ့စကားဝိုင်းကို ယမနေ့်နံနက် (၁၀)နာရီက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကရင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးစောဘိုဘိုဝေမောင်က အဖွင့်အမှာစကား ပြောကြားရာတွင် ကျန်းမာရေးနှင့်ပတ်သက်၍ အဆောက်အဦနှင့် ဆေးဝါးများကို ယခင်က ထက် ၁၂ ဆခွင့်ပြု သုံးစွဲလျှက်ရှိကြောင်း ပြည်သူများကလည်း မိမိတို့ဒေသရှိ ကျန်းမာရေး ဝန်ထမ်းများနှင့် လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်စေလိုကြောင်းပြောကြားသည်။
ဆက်လက်၍ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဝင်းက ဌာနအနေဖြင့် ပြည်သူ့ကျန်းမာရေးနှင့် ပတ်သက်၍ ကျန်းမာရေး ကြီးကြပ်မှုကော်မတီဖွဲ့၍ ပူးပေါင်းဆောင်ရွက်ချက်များကို ဆွေးနွေးပြောကြားသည်။
ထို့နောက် ခရိုင်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ ဆေးရုံအုပ် ဒေါက်တာကျော်ထိုက်ဦး၊ ဒေါက်တာဒေါ်ဆွေဆွေခိုင် ဒုခရိုင်ရောဂါကာကွယ်နှိမ်နှင်းရေးနှင့် ကူးသရေးဌာန၊ မိခင်နှင့်ကလေး၊ အမျိုးသမီး ကျန်းမာရေး ဆရာမ ဒေါ်နော်စေးစေးလွယ်တို့မှ ပြည်သူနှင့်ကျန်းမာရေး ခေါင်းစဉ်နှင့် ပတ်သက်၍ ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ရောဂါကုသရေးနှင့် အသိပညာပေး လုပ်ငန်းများ၊ ကြိုတင်ကာကွယ်ရေး နည်းလမ်းများ၊ ဆေးရုံ၏ လိုအပ်ချက်များ ပြုပြင်စရာများတို့ကို အပြုသဘောဆောင်သည့် အကြံပြုချက်များ လာရောက်ဆွေးနွေးနိုင်ပါကြောင်းကို ဆွေးနွေးကြာသည်။
ထို့နောက် တက်ရောက်လာသူများမှ မိမိတို့သိရှိလိုသည်များ ၊ဆေးရုံလိုအပ်ချက်များ မေးမြန်းဆွေးနွေးကြရာ ပြည်နယ်လူမှုရေးဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အပြန်အလှန် ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)


