ကော့ကရိတ် ၁၅ ဧပြီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့သော အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်နီ (၅)မျိုးတို့ကို ယနေ့နံနက် ၉ နာရီက အမှတ်(၆)၊ အမှတ်(၇)ရပ်ကွက်နှင့် ကျေးရွာ(၄)ရွာရှိ အိမ်ထောင်စုများအား အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့သည်။

ထောက်ပံ့ပေးအပ်မှုများကို ကရင်ပြည်နယ်လွတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစောဘီစံသိန်းမြင့်၊ ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်သူ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းနုနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီဝင်များ၊ တာဝန်ရှိသူများ ပူးပေါင်း၍ ကော့ကရိတ်မြို့နယ်ရှိ အခြေခံလူတန်းစားများအတွက် အိမ်ထောင်စုတစ်စုလျှင် ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ပဲ(၁)ပိဿာ၊ ကြက်သွန်နီ(၁)ပိဿာ စသည့် အခြေခံစားသောက်ကုန် (၅)မျိုးကို အမှတ်(၆)ရပ်ကွက်ရှိ အိမ်ထောင်စု (၂၈၉)စု၊ အမှတ်(၇)ရပ်ကွက်ရှိ အိမ်ထောင်စု(၅၅၀)စုတို့၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ရန်ကုတ်ကျေးရွာ၊ တတန်ကူးကျေးရွာ၊ ရေကျော်ကြီးကျေးရွာအုပ်စု၊ ကော့နွဲကျေးရွာတို့မှ အိမ်ထောင်စု(၅၈၁)စုတို့အား ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျန်ရှိနေသည့် ရပ်ကွက်ကျေးရွာရှိ အခြေခံလူတန်းစား အိမ်ထောင်စုများ၏ လက်ဝယ်အရောက် ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုးထက်အောင်(ပြန်/ဆက်)