ကော့ကရိတ် ၂၃ ဇူလိုင်
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးဦးကာလ ရော်ဘာပင်မြေသြဇာ စနစ်တကျ ထည့်သွင်းခြင်းကွင်းပြပွဲကို ယနေ့နံနက် ၈ နာရီက တတန်ကူးကျေးရွာအုပ်စု တောင်သူစောနိုနို၏ ရော်ဘာခြံတွင် ပြုလုပ်ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်နော်သူးလေထီးမှ ရော်ဘာပင်သည် နှစ်ရှည်သီးနှံပင်ဖြစ်၍ စနစ်တကျ ပြုစုထိန်းသိမ်းပါက ခြံပိုင်ရှင်များအတွက် ရေရှည်ဝင်ငွေရမည့်အပင်ဖြစ်ကြောင်း၊ ရော်ဘာပင်အတွက် မိုးဦးမြေသြဇာ ကျွေးခြင်းနှင့် မိုးနှောင်းမြေသြဇာကျွေးခြင်း ဟူ၍(၂)ကြိမ် ကျွေးနိုင်ကြောင်း၊ ယခုအချိန်တွင်ရော်ဘာဈေး ကျနေ၍ ရော်ဘာပင်များကို မြေသြဇာ(၂)ကြိမ် မကျွေးနိုင်သော်လည်း(၁)ကြိမ်ကျွေးသင့်ကြောင်း၊ ရော်ဘာအစေးလှီး အပင်များတွင်ထည့်သွင်းရမည့် ဓါတ်မြေသြဇာအမျိုးအစား၊ မြေသြဇာထည့်သွင်းရမည့်နေရာ၊ ထည့်သွင်းရမည့် နှုန်းထားများကို ရှင်းလင်းဆွေးနွေးပြီး ရော်ဘာပင်များအားမြေသြဇာကျွေးခြင်းကို လက်တွေ့ပြသသည်။
ကွင်းသရုပ်ပြပွဲသို့ တတန်ကူးကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တတန်ကူးကျေးရွာ၊ ပျားပင်ကျေးရွာမ ှတောင်သူ(၂၇)ဦး တက်ရောက်ခဲ့ပြီး စိုက်ပျိုးပညာပေးပြသမှုအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရှိရသည်။
စိုးထက်အောင်(ပြန်ဆက်)


