ကော့ကရိတ် ၂၃ မတ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်တားဆီးရေးနှင့် ပတ်သက်ပြီး ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် အသံချဲ့စက်များဖြင့် လှည့်လည်ကြေညာခြင်း၊ ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ဗီနိုင်းများစိုက်ထူခြင်းတို့ကို ယနေ့နံနက်(၈)နာရီတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ပြည်သူများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါအကြောင်း ကာကွယ်သတိပြုရမည့်နည်းလမ်းများ၊ သံသယဖြစ်ဖွယ်ရောဂါလက္ခဏာများ၊ ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ သိရှိနိုင်ရေးအတွက် ကော့ကရိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆန်းနုနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကျန်းမာရေး အသိပညာပေး စာစောင်နှင့် ကရင်ပြည်နယ်အစိုးရမှ ထုတ်ပြန်သော ကြေညာချက်စာစောင်များကို လူစည်ကားသည့်နေရာ၊ မြို့မစျေးကြီးတို့တွင် ဖြန့်ဝေပေးခဲ့ကြပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါ အသိပညာပေး ဗီနိုင်းဆိုင်းဘုတ်များကို မြို့တွင်းလူစည်ကားရာနေရာများတွင် စိုက်ထူခဲ့ကြသည်။
ထိုပြင်မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ ပြည်သူများ ကိုရိုနာဗိုင်းရပ်စ်ရောဂါအကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အသံချဲ့စက်ဖြင့် လှည့်လည်ကြေညာခြင်းကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)


