ကောက်ရိုးမှိုဈေးကွက် ခိုင်မာသည့်အတွက် စိုက်ပျိုးသူများအဆင်ပြေ

မန္တလေး၊ ၉ ဒီဇင်ဘာ

 

မန္တလေးမြို့ အမရပူရမြို့နယ်တွင် ကောက်ရိုးမှိုများကို တစ်နှစ်ပတ်လုံး စိုက်ပျိုးလျက်ရှိရာ လက်ရှိကာလ ကောက်ရိုးမှိုဈေးကွက် ခိုင်မာသည့်အတွက် စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

ဆောင်းရာသီ ကောက်ရိုးမှိုစိုက်ပျိုးရာတွင် နေပူထဲ အများဆုံးစိုက်ပျိုးကြသည်။ ကောက်ရိုးမှို စိုက်ပျိုးသူများမှာ အနည်းဆုံး မှိုပျိုးပုံ(၁၀၀)မှ စတင်ကာ စီးပွားဖြစ်စိုက်ပျိုးကြသည်။ ကောက်ရိုးမှို ပျိုးခြင်းလုပ်ငန်းကို အမရပူရမြို့နယ်တွင် ၁၉၉၃ ခုနှစ်မှစတင်ကာ စီးပွားဖြစ်စိုက်ပျိုးလာကြသည်။ 

 

ကောက်ရိုးမှိုကို ကောက်ရိုး၊ ကောက်လှိုင်းကုန်ကြမ်းအစား ဂျပ်စက္ကူ၊ မြင်းချေး၊ နွားချေး၊ ဗေဒါတို့ဖြင့် တွင်ကျယ်စွာ စိုက်ပျိုးလာခဲ့သည်။ နောက်ပိုင်းတွင် ကုန်ကြမ်း မြင်းချေးရှားပါလာသောကြောင့် အသုံးမပြုတော့ဘဲ နွားချေး၊ ဂျပ်စက္ကူ၊ ဗေဒါတို့ကို အသုံးပြုကြသည်။ ကောက်ရိုးမှိုသည် အပူအအေးမျှတအောင် ဆောင်ရွက်ပေးရပြီး ရာသီမရွေး ပျိုးနိုင်သည်။ နွေရာသီတွင် အရိပ်ရသော ခြံများအတွင်း ပျိုးကြပြီး ဆောင်းရာသီတွင် နေပူကွင်းပြင်များတွင် ပျိုးကြသည်။

 

ကောက်ရိုးမှိုပျိုးပုံတစ်ပုံ ပြုလုပ်ရန်အတွက် ဂျပ်စက္ကူ ရှစ်ပိဿာမှ တစ်ဆယ်ပိဿာ၊ နွားချေး လေးတင်းမှ ငါးတင်းခန့် မှိုမျိုးလေးထုပ်၊ ပလတ်စတစ်အကြည် ကောက်ရိုး သက်ငယ်တို့ကို အသုံးပြုကြရသည်။ ဂျပ်တစ်ပိဿာ ငွေကျပ် ၂၅၀ မှ ၃၀၀ ကျပ်၊ ကောက်ရိုးမှိုမျိုးတစ်ထုပ် ငွေကျပ်(၄၀၀) ပေးရသည်။ စတင်ပျိုးသည့် အချိန်မှစကာ ဂရုစိုက်ပေးရပြီး ရက်တိုတိုနှင့် အကျိုးအမြတ်ရရှိသော လုပ်ငန်းဖြစ်သည့်အတွက် အမရပူရမြို့နယ်တစ်ဝိုက်တွင် စီးပွားဖြစ်စိုက်ပျိုးကြသည်။ မှိုထွက်နှုန်းမှာ ဆောင်းရာသီတွင် မှိုထွက်နှုန်းများပြီး နွေနှင့်မိုးရာသီတွင် အနည်းငယ် အထွက်လျော့တတ်သည်။

 

ကောက်ရိုးမှိုပုံ၏ ခြောက်သွေ့မှုနှင့် စိုထိုင်းဆ၊ ရေစုပ်မူကို ဂရုတစိုက်ကြည့်ကာ ငါးရက်ခန့်တွင် ရေထပ်လောင်းပေးရသည်။ မှိုစတင်ပျိုးသည့်ရက်မှ စတင်ရေတွက်ပါက ၁၀ ရက်၊ ၁၁ ရက်တွင် မှိုစတင်ထွက်ရှိသည်။ မှိုထွက်သည့်အခါ ပလတ်စတစ်ကိုလှပ်၍ မှိုကိုအပွင့်အဆင့်မရောက်မီ ခူးပေးကြရသည်။ မှိုတစ်ပုံလျှင် ငါးပိဿာမှ ခုနစ်ပိဿာအထိ ထွက်ရှိသည်။ မှိုအလုံးအဆင့်သည် ဈေးကွက်ဝင်ပြီး လက်ရှိကာလတွင် မှိုတစ်ပိဿာ ဖောက်သည်သွင်းဈေး ငွေကျပ်(၃၈၀၀)ဖြင့် ရောင်းချပြီး လက်လီဈေးမှာ မှိုတစ်ပိဿာ ငွေကျပ် လေးထောင်ကျော် ပေးရကြောင်း သိရသည်။ မှိုအပွင့်ကမူ ငွေကျပ် ၂၀၀၀၊ ၂၅၀၀ ခန့်သာ ရရှိသည်။ မှိုကို တစ်နှစ်ပတ်လုံး တက်ဈေး ကျဈေးအတိုင်း ဒိုင်သွင်းရသည့်အတွက် ဈေးကွက်ခိုင်မာလျက်ရှိသည်။

 

မှိုကို စီးပွားဖြစ်ပျိုးသူများပြီး မှိုပုံအနည်းဆုံး ၁၀၀ မှစတင်ကာ ရာသီနှင့်မှိုဈေးကွက်ကိုကြည့်၍ ပျိုးကြသည်။ ငွေကြေးအရင်းအနှီးအားဖြင့် ငွေကျပ် ၁၀ သိန်းကျော် ရင်းနှီးရသည်။ မှိုပုံတစ်ပုံလျှင် ငွေကျပ်တစ်သောင်းခန့် ကုန်ကြသည်။ ရက်တိုတိုအတွင်း ငွေဖြစ်လွယ်၍ မှိုဈေးကွက်မှာ ခိုင်ခိုင်မာမာရှိပြီး အကျိုးအမြတ်ရှိကြောင်း အမရပူရမြို့နယ်မှ ကောက်ရိုးမှိုပျိုးသူတစ်ဦးက ပြောပြ၍ သိရသည်။

 

တိမ်တမန်