ကော့မှူး၊ ၆ ဇန်နဝါရီ
ကောက်ရိုးမှိုဈေးကွက်သစ် ရရှိစေရန်အတွက် မှိုစည်သွတ်ဘူးစက်ရုံတည်ရန် အစီအစဉ်များ လုပ်ဆောင်နေ ကြောင်း မြန်မာနိုင်ငံ စားသုံးမှို စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အစုအဖွဲ့မှ သိရသည်။
''ဈေးကွက်ပိုင်းမှာဆိုရင် ကောက်ရိုးမှိုဈေးကွက်က လက်ရှိမှာ သီရိမင်္ဂလာဈေး ဈေးကွက်တစ်ခုကိုပဲ မှီခိုနေရတယ်။ ကျန်တဲ့မှိုတွေကလည်း ကိုဗစ်ကာလအတွင်း စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေ၊ ခရီးသွားလုပ်ငန်းတွေ အားနည်းတဲ့အတွက် ဈေးကွက်ခက်ခဲနေတယ်။ ဒါ့ကြောင့်မို့လို့ တွံတေး၊ ဒလ၊ ကော့မှူး၊ ကွမ်းခြံကုန်း (၄)မြို့နယ် အနီးတစ်ဝိုက်က ကောက်ရိုးမှိုစိုက်တောင်သူတွေ ဈေးကွက် အဆင်ပြေအောင် မှိုစည်သွတ်ဘူးစက်ရုံတစ်ခု တည်ဆောက်ပေးသွားမယ်လို့ သိရတယ်” ဟု အဆိုပါအသင်းမှ ဗဟိုအလုပ်အမှုဆောင် ဦးသိန်းသန်းမောင်မောင်က ပြောသည်။
စည်သွတ်ဘူးစက်ရုံ တည်ဆောက်ရန်အတွက် မှိုများ ရေသန့်စင်ဆေးကြောနိုင်ပြီး ရေထဲ၌ ကလိုရင်းဓာတ် ပါဝင်ခြင်းမရှိရန်၊ ရေရရှိမှု ကောင်းမွန်သည့် ကော့မှူးမြို့နယ် နတ်စင်ကုန်းကျေးရွာတွင် စည်သွတ်ဘူးစက်ရုံ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
“အဲဒီ စည်သွတ်ဘူးစက်ရုံကို မြန်မာ့လယ်ယာအကျိုးစီးပွား အများပိုင်ကုမ္ပဏီလီမိတက်(MAPCO)ရဲ့ ရင်းနှီးမြှုပ်နှံမှု၊ ဆန်စပါးအသင်းချုပ်ရဲ့ ချိတ်ဆက်ကူညီမှုတို့နဲ့ တည်ဆောက်သွားမယ်လို့ သိရတယ်။ အိန္ဒိယပညာရှင်တွေကို ငှားရမ်းတည်ဆောက်မှာဖြစ်ပြီး စက်ရုံတည်ဖို့ မြေဝယ်တာတွေ၊ လိုအပ်တဲ့ တိုင်းတာမှုတွေကို လုပ်ပြီးသွားပြီလို့ သိရတယ်။ ၂၀၂၁ ခုနှစ်အတွင် တည်ဆောက်ပြီး ၂၀၂၂ ခုနှစ်မှာ စက်ရုံပြီးသွားတာနဲ့ မှိုစိုက်တောင်သူတွေ ဈေးကွက်ရရှိအောင် ကူညီပေးနိုင်မှာပါ”ဟု ဦးသိန်းသန်းမောင်မောင်က ဆက်လက်ပြောပြသည်။
မှိုစိုက်တောင်သူများ နိုင်ငံတကာဈေးကွက်သစ် ချိတ်ဆက်နိုင်စေရန်အတွက် မှိုဂျီအေပီ(Mushroom GAP)ကို စိုက်ပျိုးရေးဦးစီးဌာနမှလည်း သီးသန့်လုပ်ဆောင်ပေးနေပြီဖြစ်ကြောင်း သိရသည်။
နန်းထက်ထက်ချစ်


