ရန်ကုန် ဇူလိုင် ၄

ရန်ကုန် မှိုဈေးကွက်အတွင်း ကောက်ရိုးမှိုမှာ ရောင်းအားအကောင်းဆုံး ဖြစ်နေကာ အဆိုပါ မှိုကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးပါက စီးပွားရေး တွက်ခြေကိုက်ပြီး အဆင်ပြေနိုင်ကြောင်း မှိုစိုက်ပျိူးသူများထံမှ  သိရသည်။

မြန်မာနိုင်ငံတွင် စားသုံးကြသည့် မှိုအမျိုးအစား များစွာရှိသည့်အနက် ကောက်ရိုးမှိုမှာ ပြည်တွင်းတွင် စားသုံးမှုများကြောင်း သိရသည်။

"အခုရောင်းနေတဲ့ မှိုက ငွေနှင်းမှိုရှိမယ်။ ကောက်ရိုးမှိုကတော့ ဈေးကွက်အကြီးဆုံးပေါ့။ စားသုံးမှုကတော့ ကောက်ရိုးမှိုကတော့ အများကြီးပိုတယ်ဗျ။ ငွေနှင်းမှိုကတော့ လူကြိုက်နည်းတယ်။ ဈေးကတော်တော်ကွာတယ်။  ကောက်ရိုးမှိုက ဈေးပိုကောင်းတယ်။ ဖြုန်းအားလည်းကွာတယ်ပေါ့ ၊ ပြည်တွင်းစားသုံးမှု ဈေးကွက်ရောင်းအားက ရန်ကုန်ကအကြီးဆုံးပဲ။ မန္တလေးက ဒုတိယအများဆုံး လိုက်တာပေါ့။ မန္တလေးမှိုဈေးထက် ရန်ကုန်မှိုဈေးကွက်က ပိုကောင်းတယ်။ ဈေးကွာတယ်" ဟုတိုက်ကြီးမြိုနယ်ရှိ  မြနန္ဒာမှို စိုက်ပျိုးရေးမှ ကိုအောင်ဝင်းက ပြောသည်။

ထိုပြင် ကောက်ရိုးမှိုကို တစ်ပိုင်တစ်နိုင်ဖြစ်စေ၊ စီးပွားဖြစ်ဖြစ်စေ စိုက်ပျိုးပါက တွက်ခြေကိုက်ကာ အဆင်ပြေနိုင်ကြောင်းလည်း သိရသည်။

"မှိုကမြတ်တာတော့ ထက်ဝက်မက ပိုမြတ်တယ်။ ဒါပေမယ့် အခုနောက်ပိုင်း လုပ်သားအခက်အခဲတွေတော့ ရှိလာတယ်ပေါ့၊ လုပ်အားကိုမတွက်ဘဲ သူ့ရဲ့အရင်းနဲ့ ရတာနဲ့တွက်ရင် တစ်ဝက်မကဘူးရတယ်။ တစ်ပိုင်တစ်နိုင်ဖြစ်ဖြစ် ၊ စီးပွားဖြစ်ပဲဖြစ်ဖြစ် လုပ်ရင်ရက်တိုဖြစ်တဲ့အတွက် တွက်ခြေကိုက်တယ်။ ၁၀ ရက်ကျော်ပြီဆိုရင် ကောက်ရိုးမှိုက စားရပြီ၊ ခူးပြီရပြီလေ"  ဟု ကိုအောင်ဝင်းက ဆက်လက်ရှင်းပြသည်။

စပါးစိုက်ပျိုးသူများသည် မိုးစပါးရိတ်သိမ်းချိန်မှစ၍ နွေစပါးအတွက် ရေတင်ချိန်အထိ စပါးရိတ်သိမ်းခြင်းမှ ထွက်ရှိသည့် ကောက်ရိုးများဖြင့် မှိုများကို စိုက်ပျိုးမှု များပြားလေ့ရှိကြောင်း  သိရသည်။ ကောက်ရိုးမှိုသည် မြန်မာလူမျိုးတို့နှစ်သက်စွာ စားသုံးသော အစားအစာတွင် ပါဝင်ကာ  စိုက်ပျိုးရလွယ်ကူပြီး ဈေးကွက်တွင် တွင်ကျယ်စွာရောင်းချရသောကြောင့် ကောက်ရိုးမှိ စိုက်ပျိုးခြင်းများပေါ် ပေါက်လာခြင်းကြောင်း၊  မှိုထွက်နှုန်းမှာ ဆောင်းရာသီတွင်များပြီး နွေနှင့် မိုးရာသီတွင် အနည်းငယ် အထွက်လျော့တတ်ကြောင်း သိရသည်။

Thit Taw