ကျောက်ထု၊ ၁၉ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသတွင် ဆောင်းသီးနှံအဖြစ် မကွေး(၁၆) မြေပဲကို စိုက်ပျိုးနေကြပြီ ဖြစ်ကြောင်း ကျောက်ထုမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ထိုသို့ စိုက်ပျိုးခြင်းနှင့်စပ်လျဉ်း၍ “သဘာဝမြေသြဇာကိုသာ အဓိကထား သုံးစွဲပါတယ်၊ အထွက်နှုန်းကောင်း၍ ရာသီဥတုဒဏ်ခံနိုင်သည့် မကွေး(၁၆) မြေပဲမျိုးကို စိုက်ပျိုးထားပါတယ်၊ မျိုးသန့် မျိုးပွားစိုက်ပျိုးနိုင်ရန် ရည်ရွယ်စိုက်ပျိုးခြင်း ဖြစ်ပါတယ်” ဟု လေးကျေးရွာမှ တောင်သူ ဦးမော်ဟိန်း က ပြောသည်။
ကျောက်ထုမြို့ စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများသည် မြေပဲစိုက်ခင်းများအရောက် ကွင်းဆင်း၍ ဆောင်းသီးနှံမြေပဲများ စိုက်ပျိုးကြရာတွင် တစ်ဧကလျှင်မျိုးစေ့ (၃၂)ပြည် စိုက်ပျိုးရကြောင်း၊ တစ်ဧကအထွက်နှုန်းတင်းပေါင်း (၈၀) ရှိ၍ ဒေသပေါက်ဈေး အတောင့်တစ်တင်းလျှင် ငွေကျပ် (၁၂၀၀၀)ဈေးရှိပြီး အခြားမြို့များသို့ တင်ပို့ ရောင်းချမှုများလည်း ရှိကြောင်း သိရသည်။
ကျောက်ထုမြို့ စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများသည် မြေပဲစိုက်ခင်းများ အရောက် ကွင်းဆင်း၍ ရေသွင်း၊ ရေထုတ် နည်းများ၊ စနစ်တကျစိုက်ပျိုးနိုင်ရေး၊ ပိုးမွှားဒဏ်ကာကွယ်နိုင်ရေး တို့ကို အသိပညာပေး ဆွေးနွေးကြကြောင်း ဦးစီးဌာနမှူး ဦးကျော်မြင့်၏ ပြောပြချက်အရ သိရှိရသည်။
မောဟေမာန်(ပြန်/ဆက်)


