ကျောက်တော်မြို့နယ်၊ မဟာမုနိဘုရားကြီးလမ်းဆုံအနီး၌ AA အဖွဲ့ ထောင်ထားသော ဒေသန္တရလက်လုပ်မိုင်း ၃ လုံးဖော်ထုတ်ရရှိ

နေပြည်တော် ၁၆ ဧပြီ 
     

 

ကျောက်တော်မြို့နယ်၊ မဟာမုနိဘုရားကြီးလမ်းဆုံအနီး၌ AA အဖွဲ့ ထောင်ထားသော ဒေသန္တရလက်လုပ်မိုင်း ၃ လုံးကိုယမန်နေ့ညနေပိုင်းက ဖော်ထုတ်ရရှိခဲ့ကြောင်း သိရသည်။
         

 

ရန်ကုန်-အမ်း-စစ်တွေ ပြည်ထောင်စုကားလမ်းမကြီး၊ ကျောက်တော်-မြောက်ဦး လမ်းပိုင်းပေါ်ရှိ ကျောက်တော်မြို့ မဟာမုနိဘုရားကြီးလမ်းဆုံအနီး၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်းခြင်းနှင့် ရှာဖွေရေးလုပ်ငန်းများဆောင်ရွက်စဉ် ဧပြီ ၁၅ ရက် ညနေပိုင်း၌ AA အဖွဲ့ ထောင်ထားသော ဒေသန္တရ လက်လုပ်မိုင်းများအား တွေ့ရှိခဲ့သဖြင့် ခရီးသွားပြည်သူများနှင့် ဘုရားဖူးပြည်သူများ ဘေးအန္တရာယ် မရှိစေရေးအတွက် ဖော်ထုတ်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့သည်။ 
     

 

ထိုသို့ ဒေသန္တရလက်လုပ်ကားမိုင်း ၃ လုံးအားဖော်ထုတ် သက်မဲ့ပြုလုပ်လျက်ရှိစဉ် အဆိုပါနေရာ၏ အရှေ့ဘက် ၁၅ ပေခန့်အကွာ၌ထောင်ထားသော အဝေးထိန်းမိုင်း ၂ လုံးအား AA အဖွဲ့ က ဖောက်ခွဲတိုက်ခိုက် လာခဲ့သည်။ ဖြစ်စဉ်တွင် မိမိဘက်မှ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ AA အဖွဲ့ထံမှ အလျား ၆ လက်မခန့်၊ အမြင့် ၈ လက်မခန့်ရှိ ပလတ်စတစ်ဗူးဖြင့် ပြုလုပ်ထားသော ဒေသန္တရလက်လုပ်မိုင်း ၃ လုံးအားဖော်ထုတ်ရရှိခဲ့သည်။ 
       

 

AA အဖွဲ့ အနေဖြင့် ခရီးသွားပြည်သူလူထု၊ ဘုရားဖူး ပြည်သူများ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ သွားလာမှုနှင့် အုပ်ချုပ်မှုယာဉ်များ ဖြတ်သန်းသွားလာမှုကို ဖောက်ခွဲဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ မိုင်းထောင်ခြင်းများအား မကြာခဏပြု လုပ်ဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ ယနေ့အချိန်အထိ ရန်ကုန်-အမ်း-စစ်တွေ ပြည်ထောင်စုကားလမ်းမကြီးပေါ်၌ မိုင်းထောင်ခဲ့သည့် အကြိမ် ၁၁ ကြိမ်ရှိပြီး မိုင်း ၁၆ လုံးအား ဖော်ထုတ်နိုင်ခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးနှင့် မိုင်းအန္တရာယ်မရှိစေရေး လိုအပ်သည်များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။          

 

  
(သတင်းစဉ်) 

 

dd