နေပြည်တော် မေ ၁၃
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်း ရေးအတွက် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မေ ၈ ရက်တွင် ကန်စောက်ကျေးရွာအနီး၌ မော်တော်ယာဉ် ဖြတ်သန်းသွားလာမှုများအား စစ်ဆေးဆောင်ရွက်လျက်ရှိစဉ် AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ပတ်သက်ဆက်နွှယ်သူ သုံးဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပူးပေါင်းအဖွဲ့သည် ကန်စောက်ကျေးရွာအနီး မော်တော်ယာဉ် ဖြတ်သန်းသွားလာမှုများအား စစ်ဆေးလျက်ရှိစဉ် မေ ၈ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ကျောက်တော်မြို့ဘက်မှ စစ်တွေမြို့ဘက်သို့ မောင်းနှင် လာသော Super Custom အမျိုးအစား မော်တော်ယာဉ် တစ်စီးကို ရပ်တန့်စစ်ဆေးရာ ဦးဆန်းကြည် အသက် (၃၃) နှစ်နှင့် ဦးစံလင်း အသက် (၃၄) နှစ်တို့ နှစ်ဦးကို ၎င်းတို့ယူဆောင် လာသည့် ကျောပိုးအိတ်အတွင်းမှ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ ဆက်ကြေးငွေများ၊ စာရွက်စာတမ်း များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း။
ဖမ်းဆီးရမိသူများအား စစ်ဆေး မေးမြန်းမှုများ ဆောင်ရွက်ခဲ့ရာ ငှက်ပျောချောင်းကျေးရွာမှ ဦးအောင် ကြာဇံသည်လည်း AA အကြမ်းဖက် သောင်းကျန်းသူများနှင့် ပတ်သက်ဆက်နွှယ်မှုများရှိကြောင်း သိရှိရပြီး ၎င်းနေ့ ညနေပိုင်းတွင် စစ်ဆေးရေး ဂိတ်အနီး ဦးအောင်ကြာဇံ အသက် (၅၈) နှစ်အား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း။ အဆိုပါ AA အကြမ်းဖက်သောင်း ကျန်းသူများနှင့် ပတ်သက်ဆက်နွယ ပြီး ကျေးရွာသူကျေးရွာသားများအား ဆက်ကြေးကောက်ခံခြင်း၊ လူသစ် စုဆောင်းခြင်းများ ပြုလုပ်ခဲ့သည့် ဖမ်းဆီးရမိသူ သုံးဦးကို တရားဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ။
သတင်းစဉ်


