စစ်တွေ  ဩဂုတ် ၂၉

 

ကျောက်တော်မြို့နယ်၊ မင်းသားတောင်ကျေးရွာ၊ ရွာလယ်ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းကို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ပြီး ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါတံတားမှာ အလျား ၁၂၀ ပေ၊ အကျယ် ၁၄ ပေ ရှိသော သံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၂၅၆ ဒသမ ၅၃၃ သန်းဖြင့် မြောက်ဦးခရိုင်၊ ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှကြီးကြပ်ကာ Seven Technology ကုမ္ပဏီမှ တာဝန်ယူတည်ဆောက် ခဲ့ခြင်းဖြစ်သည်။

 

ထို့ပြင် မင်းသားတောင်တံတားအား ရေတိုက်စားခြင်းမှ ကြိုတင်ကာကွယ်ရန် ၂၀၂၀-၂၀၂၁  ဘဏ္ဍာရေးနှစ် ငြိမ်းချမ်းရေးအတွက် တည်ဆောက်ရေးလုပ်ငန်းရန်ပုံငွေကျပ် ၂၄ ဒသမ ၇၀၇ သန်းဖြင့် ၄ ပေ၊ ၆၀ ပေ၊ မြေထိန်း နံရံတည်ဆောက်ခြင်းနှင့် ချဉ်းကပ်လမ်း မြေဖို့ခြင်းလုပ်ငန်းအား ဦးစီးဌာန(ရုံးချုပ်) အင်ဂျင်နီယာဌာန၏ ကြီးကြပ်မှုဖြင့် တည်ဆောက်လျက်ရှိရာ ၎င်းလုပ်ငန်းမှာလည်း သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တံတားမှာ သရက်တပင်၊ ပေါက်တောတောင်၊ ပေါက်တောမြောက်၊ မင်းသားတောင် ကျေးရွာများနှင့် ရွာချင်းဆက်လမ်းပေါ်တွင်တည်ရှိပြီး ရန်ကုန်-စစ်တွေ အဝေးပြေးကားလမ်းမကြီးနှင့် ချိတ်ဆက်လျက်ရှိရာ ဒေသတွင်း လယ်ယာထွက်ကုန်များ သယ်ဆောင်ရာတွင် အဓိကကုန်ထုတ်လမ်းပေါ်တွင် တည်ရှိသော တံတားဖြစ်သည်။

 

တံတားတည်ဆောက်ပြီးစီးခြင်းကြောင့် ဒေသခံပြည်သူများမှာ ကျောက်တော်မြို့သို့ သွားလာရေး အဆင်ပြေလျက် ရှိပြီး ကျေးရွာ(၇)ရွာမှ ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေး တို့အတွက် များစွာအထောက်အကူပြုလျက်ရှိကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)