မြောက်ဦး ၁၈ မတ်
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ကျောက်တော်မြို့နယ် လမ္မတော်ကျေးရွာ၌ မြိုလူမျိုးများ၏ နှစ်(၅၃၄၃) နှစ်မြောက် မြိုအမျိုးသားနေ့ကို ကျင်းပရာတွင် သဘာပတိ ဦးအောင်လှထွန်းနှင့် လမ္မတော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ကြိုင်တို့က အဖွင့်အမှာ စကားပြောကြားခဲ့ကြသည်။
ထို့နောက် မြိုအမျိုးသား ဦးမောင်ဇံအောင်က မြိုတိုင်းရင်းသားများ၏ နောက်ခံသမိုင်းနှင့် မြိုလူမျိုးများ ဖြစ်ပေါ်လာပုံကို လည်းကောင်း၊ မြိုအမျိုးသမီး မစုမွန်ထွန်းမှ မြိုအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (ရန်ကုန်)မှ ပေးပို့သော သဝဏ်လွှာကို ဖတ်ကြားရာတွင် ယနေ့အချိန်အခါသည် မြိုတစ်မျိုးသားလုံး၏ နောက်ခံသမိုင်းကြောင်း၌ စည်းလုံးညီညွှတ်စွာ ဂုဏ်သိက္ခာရှိစွာဖြင့် ထွန်းလင်းတောက်ပြောင်ခဲ့သော မင်္ဂလာရှိသော နေ့တစ်နေ့ဖြစ်ပါကြောင်း၊ မြိုလူမျိုးတို့သည် သစ္စာတရား၊ မေတ္တာတရား၊ သံယောဇဉ်တရားများဖြင့် ချစ်ချစ် ခင်ခင် ဘဝရှင်သန် လာခဲ့ကြသည်မှာ အတိတ်သမိုင်း၏ ကောင်းမြတ်သောဝိသေသ လက္ခဏာများကြောင့်သာ ဖြစ်ကြောင်းနှင့် မြိုအမျိုးသားများ အနေဖြင့် ပိုမိုစည်းလုံးညီညွတ်ကြပြီး နိုင်ငံတော်အရေး၊ ပြည်နယ်ဒေသအရေး၊ အမျိုးသားရေးတို့ကို အခြားညီနောင်တိုင်းရင်းသား ပြည်သူများနှင့် လက်တွဲပူးပေါင်းပါဝင် ဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။
ဆက်လက်၍ မြိုအမျိုးသားနေ့ အခမ်းအနားဖြစ်မြောက်ရေး ကော်မတီဉက္ကဋ္ဌ ဦးထွန်းလှခိုင်က ကျေးဇူးတင်စကား ပြောကြားကာ မြိုတိုင်းရင်းသား လူငယ်မောင်မယ်များက တေးသီချင်း/ အကအလှများဖြင့် ဖျော်ဖြေခဲ့ပြီး အခမ်းအနားသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောက်တော်၊ မြောက်ဦး၊ ပလက်ဝနှင့် ဘူးသီးတောင် မြို့နယ်များမှ ဖိတ်ကြားထားသော မြိုတိုင်းရင်းသူ/သားများ တက်ရောက်ခဲ့ကာ အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ မတ်လ ၁၈ ရက် နံနက် ၉ နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
(ခရိုင်ပြန်/ဆက်)