ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်၊ သစ်တောဥပဒေပုဒ်မ-၆၊ ပုဒ်မခွဲ (င) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၁,၃၄၈ ဧကရှိသော နယ်မြေကို “ကျောက်တောင်(၂) ကြိုးပြင်ကာကွယ်တော” အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၁၄/၂၀၂၄) အရ ၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း (၆) ရက် (၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်) မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် မြစ်၊ ချောင်း၊ အင်း၊ အိုင်စသည့် ရေအရင်းအမြစ်နှင့် ရေဝေရေလဲ ဒေသများထိန်းသိမ်းရန်၊ ဂေဟစနစ် တည်ငြိမ်မှုရှိစေရန်၊ ဒေသခံပြည်သူများ၏ အခြေခံလိုအပ်ချက်ဖြစ်သော သစ်၊ ထင်း၊ ဝါးစသည့် သစ်တောထွက်ပစ္စည်းများ ဖြည့်ဆည်းပေးနိုင်ရန်၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းနိုင်ရန်နှင့် ရာသီဥတုသာယာမျှတစေပြီး စိုက်ပျိုးရေးလုပ်ငန်းများကို အထောက်အကူ ပြုစေရန်ရည်ရွယ်၍ ကြိုးဝိုင်း/ ကြိုးပြင် ကာကွယ်တောများကို ဖွဲ့စည်းသတ်မှတ်ခြင်းဖြစ်ပါသည်။

ကျောက်တောင် (၂) ကြိုးပြင်ကာကွယ်တော သတ်မှတ်ခြင်းအားဖြင့် အဆိုပါဧရိယာအတွင်း ပေါက်ရောက်လျက်ရှိသော ကျွန်း၊ ထောက်ကြံ့၊ ယမနေ၊ ကညင်စသည့် အဖိုးတန်သစ်မျိုးများနှင့် မအူ၊ မိုးမဲဇာ၊ ပျဉ်းမ၊ သတီစသည့် သစ်မျိုးများကို ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ မျိုးသုဉ်း‌ ပျောက်ကွယ်နိုင်သည့် အပင်မျိုးစိတ်များနှင့် တောရိုင်းတိရစ္ဆာန်များအား ကာကွယ်နိုင်ခြင်း၊ ချေ၊ တောဝက်၊ တောကြောင်၊ တောကြက်စသည့် တောရိုင်းတိရစ္ဆာန်များ၏ နေရင်းဒေသများ တိုးပွား လာနိုင်ခြင်း၊ ရွှေလီမြစ်၏ ရေဝေရေလဲဒေသအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်းနှင့် သစ်တော သယံဇာတများကို စနစ်တကျ စီမံအုပ်ချုပ်နိုင်မည်ဖြစ်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန