ကျောက်တလုံးကြီး၊      ၁၅       ဒီဇင်ဘာ

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ရှမ်းပြည်နယ်အစိုးရရန်ပုံငွေဖြင့် အသုံးကျေးရွာအုပ်စု၊ တွန်မုန်ကျေးရွာနှင့် ဟိုတတ်ကျေးရွာ၌ ၁၁/၀.၄ ကေဗွီ၊  ၂၀၀ ကေဗွီအေ ထရန်စဖော်မာ ဓာတ်အားခွဲရုံ တစ်ရုံ၊ ၁၁ ကေဗွီ ဓာတ်အားလိုင်း ၂ မိုင်၊ ၄၀၀ ဗို့ဓာတ်အားလိုင်း ၂.၂၅ မိုင် တည်ဆောက်ပြီးစီး၍ လျှပ်စစ်မီးဖွင့်ပွဲကို တောင်ကြီးမြို့နယ် မဲဆန္ဒအမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သူရအောင်၊ ကျောက်တလုံးကြီးမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးစောချမ်းနှင့် နောင်ကားကျေးရွာ ရပ်မိရပ်ဖ ဦးခွန်ယွန်းတို့က ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။

 

အဆိုပါ အသုံးတော်ကျေးရွာအုပ်စု၊ တွန်မုန်ကျေးရွာနှင့် ဟိုတတ်ကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားကို တွန်မုန် ဘုန်းတော်ကြီးကျောင်း၌ ကျင်းပရာ တောင်ကြီးမြို့နယ် မဲဆန္ဒအမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သူရအောင်၊ ကျောက်တလုံးကြီးမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးစောချမ်းနှင့် နောင်ကားကျေးရွာမှ ရပ်မိရပ်ဖ ဦးခွန်ယွန်းတို့က အမှာစကားပြောကြားပြီး ကျောက်တလုံးကြီးမြို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်မျိုးဦးက ကျောက်တလုံးကြီးမြို့အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုအခြေအနေနှင့် လျှပ်စစ်ဓာတ်အား အသုံးပြုရာတွင် အန္တရာယ်ကင်းရှင်းသုံးစွဲနိုင်ရေးအတွက် ရှင်းလင်းပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား ကျောက်တလုံးကြီးမြို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ လျှပ်စစ်အန္တရာယ်သတိပေး လက်ကမ်းစောင်များ ဖြန့်ဝေပေးခဲ့သည်။

 

ယင်းအသုံးတော်ကျေးရွာအုပ်စု၊  တွန်မုန်ကျေးရွာနှင့် ဟိုတတ်ကျေးရွာတွင် လက်ရှိလျှပ်စစ်ဓာတ်အားသုံးစွဲသည့် အိမ်ထောင်စု ၁၆၀ ရှိပြီး လျှပ်စစ်ဓာတ်အား တည်ဆောက်ရာတွင် ရှမ်းပြည်နယ်အစိုးရရန်ပုံငွေ ၁၆၄ ဒသမ ၅ သန်းအသုံးပြု၍ Myanmar Golden Opportunity Co, ltd မှ တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 

မြဝင်း(ပြန်/ဆက်)