ကျောက်တလုံးကြီး၊ ၄ ဒီဇင်ဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျောက်တလုံးကြီးမြို့၊ ပင်တွန်ကျေးရွာအုပ်စု၊ ထီခေါင်းကျေးရွာမှ ဒေသခံတိုင်းရင်းသားပြည်သူများသည် သဘာဝလိမ္မော်ပင်များကို အဓိကထား စိုက်ပျိုးကြသည်။
သဘာဝလိမ္မော်ပင်စိုက် တောင်သူ ဉီးခွန်မောင်လေးက “ကျွန်တော်တို့ ထီခေါင်းကျေးရွာမှာ လိမ္မော်ပင်များကို ကိုင်းဆက်မစိုက်ပျိုးကြဘဲ သဘာဝလိမ္မော်ပင်များကိုသာ စိုက်ပျိုးကြပါတယ်၊ ကိုင်းဆက် မဟုတ်ဘဲ သဘာဝလိမ္မော်ပင်များ ဖြစ်တာကြောင့် ၁၂ နှစ်ခန့်ကြာမှ အသီးများ စသီးမှာဖြစ်ပါတယ်၊ တပေါင်းလမှာ လိမ္မော်များ စပွင့်၍ တန်ဆောင်မုန်းလမှာ အသီးများ စွတ်ခူးရမှာပါ”ဟု ပြောပြသည်။ ထီခေါင်းကျေးရွာတွင် သဘာဝလိမ္မော်စိုက်ပျိုးသည့် စိုက်ခင်းဧက ၁၀၀ ခန့်ရှိ၍ သန်မာကြီးမားသည့် အပင်ကြီးဖြစ်ပါက တစ်ဧကလျှင် ခန့်မှန်းပိဿာချိန် ၃၀၀၀ နှင့်အထက် ထွက်ရှိကြောင်း သိရသည်။
အဆိုပါ ထီခေါင်းကျေးရွာမှ ထွက်ရှိသော သဘာဝလိမ္မော်သီးများသည် ကိုင်းဆက်လိမ္မော်သီးများ ထက် အရည်အသွေးပိုမိုကောင်းမွန်သောကြောင့် ဈေးကွက်ဝင်ပြီး အလုံး အကြီးအသေးပေါ် မူတည်၍ တစ်ပိဿာလျှင် အကြီး ၁၅၀၀ ကျပ်၊ အလတ် ၁၀၀၀ ကျပ်နှင့် အသေး ၅၀၀ ကျပ် ဈေးရရှိပြီး ကျောက်တလုံးကြီးဈေး၊ ဆိုင်းခေါင်ဈေး၊ နန်းပန်ဈေး၊ မှော်ဘီဈေးနှင့် တောင်ကြီးမြို့သို့ အဓိကထား ရောင်းချလျက်ရှိကြောင်း သဘာဝလိမ္မော်ပင်စိုက်ပျိုးသော တောင်သူ ဉီးခွန်မောင်လေးထံမှ သိရသည်။
မြဝင်း(ပြန်/ဆက်)


