မင်းဘူး   နိုဝင်ဘာ   ၂၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ် ကျောက်တန်းကျေးရွာမှ တောင်သူများ ရုံးပတီသီးများ စိုက်ပျိုးရာတွင် ဖောက်သည်ယူသူများဖြင့် လှိုင်လှိုင်ရောင်းချနေရသောကြောင့်  အဆင်ပြေလျက်ရှိကြောင်း  ရုံးပတီသီး စိုက်ပျိုး ရောင်းချသူများထံမှ သိရသည်။

ရုံးပတီပင်များ စိုက်ပျိုးရာတွင် အပင်ပေါက်မြန်ပြီး ပိုးများကို အချိန်မီ နှိမ်နင်းနိုင်ပါက စိုက်ပျိုးသူများ တွက်ခြေ ကိုက်သော အပင်အမျိုးအစားဖြစ်သည်။ အပင်ကောင်းပါက တစ်ပင်လျှင် ၁၃ တောင့်မှ ၁၅ တောင့်အထိ အသီးတင်နိုင်ပြီး တစ်တောင့်လျှင် ၆ ကျပ်နှုန်းဖြင့် ဖောက်သည်ပေးရကာ တစ်ဧကလျှင် အပင်ပေါင်း တစ်သောင်းကျော် ရှိသောကြောင့် တစ်ရာသီလျှင် ကျပ် ၈၀၀၀၀၀ ကျော် ၉၀၀၀၀၀ အထိ ရရှိကြသည်။

အဆိုပါ ရုံးပတီပင် စိုက်ခင်းများကို အတန်းလိုက် ပေါင်ဆွဲ၍ စိုက်ပျိုးကြပြီး ၇ ရက်ခြားတစ်ခါ ရေသွင်းပေးရသည်။ သို့မှသာ ပေါင်းမြက်ရှင်းခြင်းနှင့် ပိုးသတ်ဆေးဖျန်းခြင်းများလည်း လွယ်ကူစွာ ပြုလုပ်ပေးနိုင်သည်။ ရုံးပတီ ပင်များကို ၁၀ ရက်တစ်ကြိမ် ပိုးသတ်ဆေးဖျန်းပေးရပြီး စိုက်ပျိုး၍ တစ်လခွဲကြာလျှင် အသီးများ စသီးကာ နှစ်လကြာလျှင် ခူးဆွတ်ရသည်။ ရုံးပတီသီးအပင်အား ကောင်းသည့်အပေါ် မူတည်၍ ၃ လ၊ ၄ လကြာအောင် ခူးဆွတ်ရကြောင်း သိရသည်။

တောင်သူများသည် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြသည့်အတွက် ရုံးပတီစိုက်ခင်းများအပြင် သခွား၊ ဖရုံ၊ ဘူး၊ ပန်းမုံလာ၊ မုံညင်း၊ နံနံ၊ ချဉ်ပေါင်၊ ခရမ်းချဉ် စိုက်ခင်းများ၊ ပန်းအမျိုးမျိုး၊ ဆူးပုတ်၊ ကင်ပွန်းချဉ်နှင့် ငှက်ပျောစိုက်ခင်းများကို မြေအောက်ရေဖြင့် တစ်နှစ်ပတ်လုံး စိုက်ပျိုးကြကြောင်း မင်းဘူး(စကု)မြို့နယ် ကျောက်တန်းကျေရွာ ရုံးပတီသီး စိုက်ပျိုးရောင်ချသူ ဒေါ်မြအေးထံမှ သိရသည်။ 

ဇေယျာထက်(မင်းဘူး)