ကျောက်တံခါး၊ ၁၄ ဒီဇင်ဘာ
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့၊ စျေးပိုင်းရပ်ကွက် ဒဂုံမန်းလမ်းရှိ ရွှေရည်ဦးရွှေဆိုင်တွင် ဒီဇင်ဘာ ၁၃ ရက် နံနက် ၁၁ နာရီခွဲခန့်က အမျိုးသမီးတစ်ဦး ရွှေဆွဲကြိုးတစ်ကုံးအား လာရောက်ပေါင်နှံရာမှ အတုဖြစ်နေမှန်းသိရ၍ ရဲတပ်ဖွဲ့အား အကြောင်းကြားစစ်ဆေးစေခဲ့ရာ အခြားရွှေဆိုင်တစ်ခုတွင်ပါ ရွှေအတုများ ပေါင်နှံခဲ့မှု ထပ်မံပေါ်ပေါက်ခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ကျောက်တံခါးမြို့၊ ဒဂုံမန်းလမ်းရှိ ရွှေရည်ဦးရွှေဆိုင်တွင် အမျိုးသမီးတစ်ဦး ရောက်ရှိလာပြီး ရွှေဆွဲကြိုးတစ်ကုံး ပေါင်နှံလိုကြောင်း ပြောဆိုပြီး (၁၄)ပဲ(၃)ရွေးခန့် ဆွဲကြိုးအား ထုတ်ပေးခဲ့ကြောင်း၊ ၎င်းဆွဲကြိုးအား မှတ်ကျောက်တင် စစ်ဆေးရာ ရွှေဆွဲကြိုးအတုဖြစ်နေကြောင်း သိရှိရသဖြင့် ရွှေဆိုင်ပိုင်ရှင်မှ ၎င်းနှင့်အတူ မည်သူပါသေးကြောင်း မေးမြန်းပြီး ပတ်ဝန်းကျင်အား အကဲခတ်ကြည့်ရှုစဉ် ဆိုင်နှင့်မလှမ်းမကမ်းတွင် ကလေးချီထားသော အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ ရပ်လျက် စောင့်ကြည့်နေသည်ကို မသင်္ကာဖွယ် တွေ့ရသဖြင့် ရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားချက်အရ ဒုရဲအုပ် ခိုင်နွေဦးနှင့်အဖွဲ့ ရောက်ရှိလာပြီး ၎င်းတို့ (၃)ဦးအား ရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ကြောင်း၊ စစ်ဆေးချက်များအရ ရွှေဆွဲကြိုးလာရောက်ပေါင်နှံသူမှာ မယွန်းမင်းခန့် (၃၂)နှစ်၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ အမှတ်(၁၄၀)ရပ်ကွက်နေသူ၊ ကျော်ကျော် (၃၄)နှစ် လိပ်စာတူနှင့် မခင်သက်မာ (၃၀)နှစ် လိပ်စာတူနေသူတို့ဖြစ်ကြောင်း သိရသည်။
စစ်ဆေးပေါ်ပေါက်ချက်အရ ရွှေဆိုင်မန်နေဂျာ ဦးသောင်းမြင့်မှ ဥပဒေအရ အရေးယူပေးပါရန် တိုင်တန်းလာသဖြင့် ကျောက်တံခါးမြို့မရဲစခန်းမှ အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူ (၃)ဦးအား အမှုဖြင့် ဖမ်းဆီးဆက်လက်စစ်ဆေးနေစဉ် အလားတူ ကျောက်တံခါးမြို့၊ ဦးစံကျော်လမ်းရှိ ရွှေစင်မိုးရွှေဆိုင်တွင်လည်း ဒီဇင်ဘာ ၉ ရက်၊ ၁၁ ရက်နှင့် ၁၃ ရက်များက မသန္တာအမည်၊ မချိုအမည်များဖြင့် လေးကြိမ်တိတိ ရွှေအတုများ ပေါင်နှံခဲ့ဖူးကြောင်း ထပ်မံပေါ်ပေါက်ခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ရွှေအတုများ လိမ်လည်ပေါင်နှံခဲ့သူများဖြစ်သော မခင်သက်မာနှင့် မယွန်းမင်းခန့်တို့အား ကျောက်တံခါးမြို့မရဲစခန်းမှ ထပ်မံအမှုဖွင့်ကာ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခင်ကို(ကျောက်တံခါး)