ကျောက်တံခါးမြို့နယ် ရဲနွယ်ကြိုးဝိုင်းနှင့် ရဲနွယ်ဆည်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

ကျောက်တံခါး ၁၇ ဖေဖော်ဝါရီ

 

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ရဲနွယ်ကြိုးဝိုင်းနှင့် ရဲနွယ်ဆည်အတွင်း ပိန်းချောင်းတစ်လျှောက်၌ ဖေဖော်ဝါရီ ၁၅ ရက်က ပဲခူးခရိုင် တရားမဝင်သစ် ဖမ်းဆီးရေးအဖွဲ့မှ နယ်မြေရှင်းလင်းရာ တရားမဝင်သစ်များ ဖမ်းဆီးရမိခဲ့သည်။

 

4-6369

 

ပဲခူးခရိုင် သစ်ဖမ်းဆီးရေးအဖွဲ့မှ ဒိုက်ဦးမြို့နယ် သစ်တောဦးစီးမှူး ဦးမြဝင်းအောင်၊ ကျောက်တံခါးမြို့နယ် သစ်တောဦးစီးမှူး ဦးတင်ထွန်းနှင့် သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များအဖွဲ့မှ ရဲနွယ်သစ်တောကြိုးဝိုင်းနှင့် ရဲနွယ်ဆည် ပိန်းချောင်းတစ်လျှောက် နယ်မြေရှင်းလင်းရာ ကျွန်း/ပျဉ်းကတိုးနှင့် အခြားခွဲသားများ စုစုပေါင်း တန်နှစ်ဆယ်ကျော်နှင့် မီးသွေးအိတ် ၁၂ဝ၊ အင်ဂျင်မပါ စက်လှေအသစ်တစ်စင်းတို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

 

အလားတူပဲ ခူးမြို့နယ် ညောင်လေးပင်မြို့နယ် ရွှေကျင်မြို့နယ်မှ သစ်တောဦးစီးမှူးများနှင့် သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် ပဲခူးမြို့နယ် တောင်ဇာမရီကြိုးဝိုင်းနှင့် မြောက်ဇာမရီကြိုးဝိုင်းအတွင်း တရားမဝင်သစ်များ ဖမ်းဆီးခြင်း ဆောင်ရွက်ရာ ကျွန်းခွဲသား ၂၅ တန်ကျော်နှင့် ပေါင် ၉ဝ ဝင် မီးသွေးအိတ် ၂၉ဝ တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိသည့် သစ်များအား လုံခြုံရာသို့ သယ်ယူကာ သစ်ခိုးထုတ်သယ်ယူ လုပ်ကိုင်နေသူများအား စုံစမ်းဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ခင်ကို(ကျောက်တံခါး)