ကျောက်တံခါး ၁၁ သြဂုတ်
ကျောက်တံခါး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် သြဂုတ် ၁၁ ရက် နံနက် ၁၁ နာရီခွဲက ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းကျေးရွာ အနီးရှိ ရဲနွယ်ရေလွှဲဆည်အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ စီမံကိန်းရှင်းလင်းဆောင်၌ ပဲခူးတိုင်းဒေကြီးဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကိုကိုဦးက ရဲနွယ်ရေလွှဲဆည်စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ ရေစီးဝင်မှုနှင့် ပြန်လည်ထုတ်လွှတ်နေမှု အခြေအနေတို့အား ရှင်းလင်းတင်ပြခဲ့ရာ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဆည်တမံများ၏ ကြံ့ခိုင်မှု၊ ရေဝင်ရောက်မှု အခြေအနေ၊ ဆည်ရေအမှတ်တို့အား ရေကင်းများချ၍ အချိန်ပြည့်စောင့်ကြည့်ရန်၊ ဆည်ပတ်ဝန်းကျင်ဒေသများကိုလည်း မိမိတို့ဆည်တမံနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရေး ဆောင်ရွက်ကြရန်စသည်တို့အား လမ်းညွှန်မှာကြားခဲ့ပြီးနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့ မှရဲနွယ်ရေလွှဲဆည်၏ အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါ ရဲနွယ်ရေလွှဲဆည်သည် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းကျေးရွာအနီး ရဲနွယ်ချောင်းပေါ်တွင် တည်ဆောက်ထားသော မြေသားတမံအမျိုးအစားဖြစ်ပြီး (၂၀ဝ၀-၂၀ဝ၁)ဘဏ္ဍာရေးနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး (၂၀ဝ၆-၂၀ဝ၇) ခုနှစ်တွင်ပြီးစီး၍ (၂၅)မဂ္ဂါဝပ် ရေအားလျှပ်စစ် ထုတ်ယူလျက်ရှိရာ နှစ်စဉ်ပျမ်းမျှ (၁၂၃)ကီလိုဝပ်နာရီသန်းပေါင်း ထုတ်လုပ်နိုင်ကြောင်း သိရသည်။
ရေနွယ်ရေလွှဲဆည် ရေသောက်စနစ်အား ကျောက်တံခါးမြို့နယ်၊ ဆီဆုံကုန်းကျေးရွာအနီးတွင် တည်ဆောက်လျက်ရှိပြီး တူးမြောင်းမကြီး(၂)ခု အရှည် (၇)မိုင်၊ မြောင်းခွဲများ(၃)ခု အရှည်(၁၉)မိုင်၊ လက်တံမြောင်း(၉) အရှည်(၉၂)မိုင်၊ လက်တံမြောင်းခွဲများ(၈၈)ခု (၃၅၀)မိုင်၊ တူးမြောင်းအဆောက်အအုံ(၄၁၄၀)ခုနှင့် စီမံကိန်းပြီးစီးမည့် ၂၀၂၁-၂၀၂၂ ခုတွင် ကျောက်တံခါး၊ ပိန်းဇလုပ်၊ ညောင်လေးပင်၊ ပြွန်တန်ဆွာမြို့နယ်တို့ရှိ လယ်မြေဧရိယာ (၆၂၀ဝ၀)ဧကအား ဆည်ရေပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။
ခင်ကို(ကျောက်တံခါး)


